"ဂျပန်နိုင်ငံနှင့် အမှိုက်ပစ်ခြင်းအနုပညာ " အပိုင်း(၂)

"ဂျပန်နိုင်ငံနှင့် အမှိုက်ပစ်ခြင်းအနုပညာ " အပိုင်း(၂)အမှိုက်သိမ်းဆည်းခြင်းနှင့် နောက်ခံသမိုင်း မင်္ဂလာပါ။ အမြဲတမ်းဖတ်ရှုအားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့ကတော့ အရင်အပတ်က ‌ရေးသားခဲ့တဲ့ ခေါင်းစဥ်ရဲ့ အပိုင်းဆက်ဖြစ်တဲ့ အပိုင်း(၂)မှာ ဂျပန်နိုင်ငံရဲ့ အမှိုက်သိမ်းခြင်းရဲ့ နောက်ခံသမိုင်းကို မိတ်ဆက်ပေးသွားချင်ပါတယ်။ အရင်အခေါက်ကပြောခဲ့သလိုပဲ ဂျပန်နိုင်ငံဟာ လူဦးရေထူထပ်လာတာနဲ့အညီ အမှိုက်ပစ်စရာနေရာပါ ရှားပါးလာတဲ့ပြဿနာကြောင့် ပမာဏလျော့နည်းမဲ့ အမှိုက်ပစ်နည်း သိမ်းဆည်းချေဖျက်နည်းတွေနဲ့ ပက်သက်ပြီးတော့ လမ်းစဥ်ချမှတ်ခြင်းတွေ၊ ဥပ‌ဒေချမှတ်ခြင်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဥပ‌ဒေတွေကို အခြေခံပြီး ဂျပန်ပြည်တွင်းမှာဆိုရင် အမှိုက်အမျိုးအစားအုပ်စုကို ၊ အမှိုက် ထွက်လာရာနေရာကိုအခြေခံပြီး အုပ်စု၂ခုခွဲပါတယ်။ တစ်ခုကစက်ရုံအလုပ်ရုံနှင့် လုပ်ငန်းများကထွက်တဲ့ လုပ်ငန်းဆိုင်ရာအမှိုက်ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ သာမန်အိမ်ကထွက်တဲ့ အမှိုက်ပါ။ အမှိုက်ကိုသိမ်းဆည်းရာမှာလည်း လုပ်ငန်းဆိုင်ရာအမှိုက်ကို သိမ်းဆည်းစွန့်ပစ်ချေဖျက်ရမဲ့ တာဝန်ဟာ လုပ်ငန်းရှင်တွေမှာသာရှိပြီးတော့၊ သာမန်အိမ်ကထွက်တဲ့ အမှိုက်ကို သိမ်းဆည်းစွန့်ပစ်ချေဖျက်ရမဲ့တာဝန်ဟာ သက်ဆိုင်ရာ‌ဒေသရဲ့ အမှိုက်ဆိုင်ရာစီရင်ရေး‌ဒေသမှာရှိပါတယ်။ အဲဒါကြောင့်လုပ်ငန်းကထွက်တဲ့အမှိုက်တွေကို လုပ်ငန်းရှင်တွေက တာဝန်ယူ သိမ်းဆည်းစွန့်ပစ်ပြီးတော့ အဲဒီကုန်ကျစရိတ်ကို လုပ်ငန်းရှင်တွေက ဖြေရှင်းရပါတယ်။ ပြီးတော့ ကိုယ်ပိုင်အမှိုက်ချေဖျက်စက်မရှိတဲ့အတွက် ချေဖျက်စက်ရှိရာသို့ ပို့ပြီး ချေဖျက်ဖို့အတွက် ကုန်ကျစရိတ်ကိုလည်း လုပ်ငန်းရှင်တွေကပဲ တာဝန်ယူရပါတယ်။ များသောအားဖြင့် လုပ်ငန်းရှင်တွေက အမှိုက်သိမ်းဆည်း ချေဖျက်ဆိုတဲ့ အဆင့်ကို အလုံးစုံ တာဝန်ယူ ဆောင်ရွက်ပေးတဲ့ အမှိုက်ချေဖျက်သန့်ရှင်း‌ရေး ဝန်ဆောင်မှုလုပ်ငန်းတွေကို တဆင့်ခံပြီးအစအဆုံး အပြီးအပ်ကြတာပါ။ အိမ်ထွက်အမှိုက်တွေကို သိမ်းဆည်းချေဖျက်ရာမှာတော့ သက်ဆိုင်ရာ‌ဒေသရဲ့ စီရင်ရေးတာဝန်ရှိသူတွေက ဒေသခံပြည်သူတွေဆောင်ထားတဲ့ နေထိုင်ခွန်တွေအမှိုက်ခွန်တွေထဲက သတ်မှတ်ဘတ်ချက်ငွေကိုသုံးပြီး အမှိုက်လိုက်လံသိမ်းဆည်းချေဖျက်မှုအတွက် တာဝန်ယူ ကြံ‌ဆောင်လုပ်ဆောင်ပေးကြတာပါ။ ဒီနေရာမှာလည်း များသောအားဖြင့်‌ ဒေသတိုင်းမှာ ကိုယ်စီ မီးရှို့စက် ချေဖျက်စက်တွေမရှိလို့ ဝန်ဆောင်မှုလုပ်ငန်းများကို အပ်နှံကြတာကိုတွေ့ရပါတယ်။ အမှိုက်သိမ်းဆည်းပုံစံကို နောက်ပိုင်းမှာပြောပြမှာမို့ အမှိုက်သိမ်းဆည်းပုံ အသေးစိတ်ကိုမပြောခင်မှာ အမိုက်သိမ်းဆည်းခြင်းစနစ်ပုံရဲ့ နောက်ခံသမိုင်းဖြစ်တဲ့ အမှိုက်ချေဖျက်ပုံစံနဲ့ နည်းအဆင့်ဆင့်ကို ပြောပြပေးချင်ပါတယ်။ အဲဒါကတော့ ဂျပန်မှာက အမှိုက်ကို သိမ်းဆည်းလာခဲ့ပြီဆိုရင် ပြန်အသုံးချလို့ရမဲ့ သယံဇာတအမှိုက်နဲ့ ပြန်သုံးလို့မရမဲ့ မီးရှို့အမှိုက်ဖြစ်တာမို့ မီးရှို့စက်နဲ့ရှို့ပြီး ကျန်တဲ့ပြာကို မြေဖို့ပါတယ်။ ပြန်သုံးလို့ရတဲ့ အမှိုက်( သယံဇာတ အမှိုက်)ကိုတော့ အမျိုးအစားခွဲပြီး နည်းလမ်း(၃)မျိုးနဲ့ ပြန်အသုံးချပါတယ်။ အဲ့ဒီနည်း(၃)မျိုးဆိုတာက (၁)မူရင်းသယံဇာတအဖြစ်ပြန်လည်အရည်ကျိုခြင်း (၂)ဓါတုဗေဒနည်းဖြင့် ဓါတုဓါတ်ပစ္စည်းများအဖြစ်ပြန်လည်အသုံးချခြင်း (၃)မီးရှို့ပြီးထွက်ပေါ်လာသော အပူစွမ်းအင်ကို ပြန်လည်အသုံးချခြင်းနှင့် လျှပ်စစ်ထုတ်ခြင်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောာင့်မို့ ဂျပန်မှာက ကျွန်မတို့နိုင်ငံလို ယင်ပေါ အကောင်နားတဲ့ လမ်း‌ဘေးအမှိုက်ပုံ ဆိုတာကိုမတွေ့ရပါဘူး။ အမှိုက်ချေဖျက်တဲ့ အဆင့်မှာ နောက်ဆုံးပိတ် အမှိုက်ချေဖျက် သိမ်းဆည်းသိုလှောင်ရာ ပုံစံ(၃)မျိုးရှိခဲ့ပြီး ဖန်/ကြွေထည်အစအနအမှိုက်မျိုးတွေကိုမြေမြှုပ်တဲ့ အမှိုက်သိုလှောင် ချေဖျက်နည်း၊ အမှိုက်စိုများကိုမြေမြှုပ်ခြင်းဖြင့်ချေဖျက်နည်း၊ အန္တရာယ်ရှိ အမှိုက်များကို အလုံပိတ်ပြီး မြေမြှုပ်ချေဖျက်ခြင်းများပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာက အမှိုက်ပမာဏအလွန်များပြားလာလို့ အမှိုက်စိုတွေကို မီးရှို့ပြီးကျန်တဲ့ပြာကိုပဲ မြေမြှုပ်ခြင်းလမ်းစဥ်ကို အများအပြားကျင့်သုံးလာကြပါတယ်။ အမှိုက်ရှို့စက်တွေကို မြို့ပြင်မှာသာမက လူနေအိမ်နဲ့ ရုံးခန်းများတည်ရှိရာ မြို့လည်ခေါင်မှာပါတွေ့ရတတ်ပြီး မီးခိုးတအူအူထွက်နေတာတွေ၊ အနံ့ဆိုးတာနဲ့ ဆူညံတာတွေမရှိတာကိုလည်း သတိထားမိပါတယ်။ ဒါဟာ ရည်ရွယ်ချက်ကောင်းခြင်း ၊ ထုတ်ပြန်ထားတဲ့ ဥပဒေကိုလိုက်နာခြင်း(လိုက်နာခြင်းမရှိပါက ထိထိရောက်ရောက် အရေးယူခြင်း)၊ ဒေသအသီးသီးရဲ့ အုပ်ချုပ်လမ်းဆောင်မှုကောင်းခြင်း နဲ့ လုပ်ငန်းရှင်များ နိုင်ငံသားများအားလုံးရဲ့ စည်းလုံးခြင်း၊ နာခံခြင်းကရတဲ့ ရလဒ်လို့ ပြောရင်လည်းမှားမယ်မထင်ပါဘူး။ ကျွန်မတို့မြန်မာနိုင်ငံမှာက မြေနေရာနဲ့ လူဦးရေယှဥ်ရင် နေရာလွတ်တွေရှိနေသေးပေမဲ့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ တစ်နေ့မှာ အမှိုက်တွေကို သိမ်းဆည်းဖြေရှင်းဖို့ ခက်ခဲတဲ့ ပြဿနာကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့တစ်တွေလည်း အမှိုက်သိမ်းဆည်းခြင်းနဲ့ ပက်သက်ပြီး နည်းပညာတွေကို ပိုမိုကောင်းမွန်လာအောင် လေ့လာဖို့နဲ့ ကြံဆောင်ဖို့ လိုအပ်တယ်လို့ တွေးမိပါတယ်။ အထင်အမြင်နဲ့ အကြံဥာဏ်ကောင်းများ ရှိပါကလည်း ကွန်မန့်‌မှာ ဝင်ရောက်ရေးသားမျှဝေနိုင်ပါတယ်။ နောက်အပိုင်းဆက်ရဲ့ အပိုင်း(၃)မှာ ဂျပန်နိုင်ငံတွင်း အမှိုက်တွေကို အမျိုးအစားအမျိုးမျိုးခွဲပြီး အမှိုက်ပစ်နည်းကို ကျင့်သုံးနေခြင်းရဲ့ အဓိက ရည်ရွယ်ချက်နဲ့ အမှုက်ခွဲနည်းနဲ့ပက်သက်ပြီး မိတ်ဆက်ပေးချင်လို့ ဆက်လက်အားပေးဖတ်ရှုကြပါအုန်းနော်။ ယခုပို့စ်အား လွတ်လပ်စွာ မျှဝေ နိုင်သလို ကူးယူဖော်ပြလိုပါကလည်း ကမ္ဘာကြီးအတွက်ဆေးတစ်ခွက်ကို ခရက်ဒစ်ပေးပြီး ကူးယူဖော်ပြနိုင်ပါတယ်နော်။ ကျွန်မတို့ နိုင်ငံတိုးတက်ဖို့ သာယာဖို့ ကျွန်မတို့ကိုယ်တိုင် ပါဝင်ကျင့်သုံးမှရမှာမို့ ပတ်ဝန်းကျင်က အသိမိတ်ဆွေ နေထိုင်သူများအားလုံး သိရှိနားလည် ဗဟုသုတရအောင်လည်း Like & Share လုပ်ပေးကြပါအုန်းနော်။ အသိတစ်ခု ဗဟုသုတတစ်ခု ရသွားပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်။ ‌ကျေးဇူးတင်ပါတယ်။ #ကမ္ဘာကြီးအတွက်ဆေးတစ်ခွက် Photo Credit -Photo AC ,Kokubunji City , Asahikawa City ပြန်လည်ကူးယူဖော်ပြပါတယ်။ #CleanYangon #CleanMyanmar