လမ်းကိုလည်းဖောက် စရိုက်ကိုလည်း ရှင်း

လမ်းကိုလည်းဖောက် စရိုက်ကိုလည်း ရှင်း Clean Yangon ဆိုသည့်အမည် မှာ ရန်ကုန်ပြည်သူများအတွက် သိပ်စိမ်းတော့မည်မဟုတ်ဟုထင်၏။ မကြာသေးသောအချိန်ကမှ ပြည်သူ့ဂုဏ်ရည်အထူးဆုရရှိခဲ့ခြင်းကြောင့် Clean Yangon သည် မြန်မာသတင်းပရိသတ်များ ကောင်းကောင်းသိနှင့်ပြီး အမည်လည်း ဖြစ်သည်။ Clean Yangon မှာ လူစည်ကားရာ နေရာများတွင် စုပေါင်းအမှိုက်ကောက်၊ အမှိုက်များစွန့်ပစ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် စွန့်ပစ်ပလတ်စတစ်အမှိုက်များကို ပြန်လည်အသုံးပြုနည်း (Recycle) လက်မှုသင်တန်းပေးခြင်းတို့အား ၂ဝ၁၇ မေ ၁ဝ ရက်မှ စတင်ကာဆောင်ရွက်ခဲ့ကြောင်း အထောက်အထား များကဆိုသည်။ ကျွန်တော်ကတော့ မိမိပတ်ဝန်းကျင်ကို မိမိနိုင်သောဝန်ထမ်းဆောင်ကာ အကျိုးပြုခြင်း (သို့မဟုတ်) တိုင်းပြည်၏အနာဂတ်အတွက် တိုင်းပြည်တွင်းမရှိသင့်မရှိအပ်သောအမှိုက်သရိုက်မျိုးစုံကို ရှင်းလင်းနေခြင်းဟု နားလည်မိသည်။ ဟိုးအရင်က ရန်ကုန်မြို့အထင်ကရနေရာများ၌ တူညီဝတ်စုံကိုယ်စီဖြင့် အမှိုက်ကောက်နေသည်ကို ကျွန်တော် မြင်ခဲ့သည်။ သူတို့အားလုံးမှာ အသက် ၂ဝ ဝန်းကျင်မှ ၄ဝ ကျော်အထိ လူငယ်များချည်း။ အများစုမှာ ၂ဝ ကျော် အရွယ်များဖြစ်သည်။ စုဖွဲ့စွာ၊ တက်ကြွစွာ သူတို့အမှိုက်ကောက်နေကြပုံက ကျွန်တော်၏လေးလံ ထိုင်းမှိုင်းနေမှုကို မှိန်ဖျော့စေသည်မှာအမှန်ဖြစ်သည်။ လူငယ်လေးများဖြစ်သည်။ သူတို့၏အားလပ်ချိန်တွင် သူတို့နိုင်ရာဝန်ကို ထမ်းသည်။ ထို့ကြောင့် လေးစားမိပါ၏။ သူတို့နှင့်ပတ်သက်၍ ကျွန်တော်၏ခံစားမှုမှာထိုအချိန်က ထိုမျှဖြစ်၏။ မတ်လ၂၃ ရက်၊ မနက်၁ဝနာရီ ဝန်းကျင်ရုံးရောက်ပြီးလူမှုကွန်ရက်ကို ဖွင့်လိုက်ချိန်တွင် နှစ်ပေါင်းရှည်ကြာ စည်းကမ်းမဲ့အမှိုက်သရိုက် အထပ်ထပ်ဖြင့် ဖြစ်ချင်တိုင်းဖြစ်နေသော ရန်ကုန်မြို့တွင်း ဘိုကလေးစျေးလမ်းနှင့် ၄၃ လမ်း(အထက်) နောက်ဖေးလမ်းကြားကို သူတို့ရှင်းနေသည့်ဓာတ်ပုံများတွေ့ လိုက်ရသည်။ ဓာတ်ပုံကိုမြင်လိုက်သည်နှင့် သူတို့ ရှင်းနေသည့်နောက်ဖေးလမ်းကြားမှာ မည်မျှပင်ပန်းမည် ဖြစ်ကြောင်း ရန်ကုန် တွင်အနေကြာပြီဖြစ်သော ကျွန်တော်ကောင်းကောင်းသဘောပေါက် သည်။သူတို့ရှင်းနေသော နောက်ဖေးလမ်း ကြားလောက်မဆိုးသည့် ကျွန်တော့်တိုက်ခန်းနောက်ဖေးလမ်းကြား သို့ သုံးမိနစ်ခန့်ကျွန်တော်ဝင်ဖူးလေတော့ အမှိုက်မျိုးစုံနှင့် မည်းညစ်နေသော အိမ်သာရည်တို့မှာ မည်မျှ နံစော်မလဲဆိုသည်ကို ကောင်းကောင်းသိသည်။ နောက်ဖေးလမ်းကြားဆိုသည်မှာ ပရော်ဖယ်ရှင်နယ်သန့်ရှင်းရေးသမားများပင် မရှင်းလိုသည့်နေရာ။ လမ်းဘေး အမှိုက်ကောက်သလို ဖွဖွလေး ရွရွလေး လုပ်လို့မရသောနေရာ။ ထိုသို့သော နေရာမျိုးကို လူငယ်လေးများကအပြောင် ရှင်းခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် အမှိုက် သရိုက်အထပ်ထပ်ဖြင့် ကာလရှည်ကြာ ညစ်ထေးခဲ့သော နောက်ဖေးလမ်းကြား မှာ ပြောင်ရှင်းလို့။ ထိုပြောင်ရှင်းသော နေရာတွင် ပန်းနေပြုံးနေသော သူတို့၏ အဓိပ္ပာယ်ကို ကျွန်တော်ဦးညွှတ်ခဲ့မိသလို သူတို့ကြောင့် အနာဂတ်အပေါ် အားတက်မိသည်။ ဧပြီ ၆ ရက်တွင်တော့ မင်္ဂလာ တောင်ညွန့်၊ ဗိုလ်မင်းရောင်လမ်းနှင့် သိမ်ဖြူစျေးအနီးရှိရေမြောင်းရှင်းလင်း ခြင်း။ မြောင်းမြင်ချောင်းမြင်လျှင် အမှိုက်စွန့်မည်။ ကိုယ့်အမှိုက်ကိုယ့် လက်ထဲမရှိလျှင်ပြီးရောဆိုသည့် စိတ် ဓာတ်များကြောင့် အမှိုက်သရိုက်များ၊ အနံ့ဆိုးများဖြင့် နစ်နေသော ရေမြောင်း ကို အမှိုက်ကင်းစင်သော ရေမြောင်း အဖြစ်သို့ ရှင်းလင်းရသည်မှာ မလွယ်ကူ လှသော်လည်း သူတို့ထွန်ယက်ခဲ့ကြသည်။ သူတို့က မနက်ဖြန်များစွာအတွက် ခုတ်ထွင်ရှင်းလင်းသည်။ငါတို့မြို့တော်၊ ငါတို့နိုင်ငံတော်ကို ငါတို့ လက်များဖြင့် လှပစေရမည်ဟု သူတို့ခံယူကြသည်။အခြားသောစာမျက်နှာတစ်ဖက်တွင်မူ မိမိတွင် ရှိနေသော အညစ်အကြေးအထပ်ထပ်ကို တိုက်ချွတ်ဆေးကြောရကောင်းမှန်းမသိ သူတို့က ခုတ်ထွင်ခဲ့သမျှ လမ်းပေါ် ဆက်လက်ရှုပ်ပွကြပြန်သည်။ ဘယ်လောက်ရှင်းရှင်း နောက်ပြန်လှည့်ကြည့်လိုက်ပါက ရင်ဆို့စရာ မြင် ကွင်းကစိတ်ပျက်စရာ။ Clean Yangon အားစိုက်ရှင်းခဲ့သောရေမြောင်းနှင့်နေရာအချို့တို့တွင် အမှိုက်များပြန်လည်စွန့်ပစ် နေကြ ကြောင်း သတင်းများကဆိုသည်။အမှိုက် ရှင်းပြီးတစ်လဝန်းကျင်အကြာတွင် ကြားရသောသတင်းဆိုး ဖြစ်သည်။ အညစ်အကြေးများကို မရွံမရှာ ရှင်းလင်းပေးခဲ့သော ပရဟိတလူငယ်များကို အားနာရကောင်းမှန်း မသိသည့်သဘော။ ပညာဘယ်လောက်ပေးပေး ခံယူနိုင်စွမ်း အင်မတန်နည်းသည့်သဘော။ ဘယ်သူသေသေ ငတေဆက်မာသည့် သဘော။ ကျွန်တော်တို့တိုက်ခန်းများတွင်ဆို တိုက်သာယာရေးရန်ပုံငွေအဖြစ် တစ်ခန်းကျပ်တစ်ထောင်လစဉ် ကောက်ခံသည်။ ယင်းရန်ပုံငွေဖြင့်နောက်ဖေးလမ်းကြားအမှိုက်ရှင်းသည်။ အနီးတွင်ရှိသောအမှိုက်ကန်ကို ဝေးသည်ဟုမှတ်ကာ နောက်ဖေးလမ်းထဲ အမှိုက်ပစ်သူများ မပစ်ရလေအောင် တိုက်လှေကားရှေ့တိုင်းတွင် အမှိုက်ပုံးထပ်ထား ပေးလိုက်သေးသည်။ အဲဒီလောက်အသေးစိတ်လုပ်ထားပေးသည့်တိုင် နောက်ဖေးလမ်းကြားထဲ အမှိုက်ပစ်သူများက ပစ်မြဲဖြစ်သည်။ကျွန်တော့် နောက်ကျောမှတိုက်ခန်းဆို လျှင် ပုံမှန်ဖောက်သည်ကြီးဖြစ်သည်။သူတို့က လူမမြင်အောင် ည၁ဝနာရီ၊ ၁၁နာရီလောက်မှ လူရိပ်လူခြေကြည့် ကာ ပစ်ချခြင်းဖြစ်သည်။ ငါးလွှာတိုက် ပေါ်မှ အမှိုက်ထုပ်လေးကိုင်ဆင်းရမှာကို ခက်ခဲနေခြင်းအပေါ် မည်သို့နားလည်ရ မည်မသိ။ သူတို့မိသားစုမှာ အတန်းပညာအရ ဘွဲ့ရများလည်းဖြစ်သဖြင့် အမှိုက်ထိုသို့ မပစ်သင့်ကြောင်း မသိတာတော့မဖြစ် နိုင်။ ထို့ကြောင့် ပညာတွေဘာတွေပေး ရန်လိုမည် ဟုမထင်။ အသိရှိပါလျက် အသိကိုအသိအတိုင်း မကျင့်ကြံနိုင်သူ များအတွက် အလစ်ချောင်းအမှိုက်မပစ် ရန် လိုအပ်ချက်ကအဘယ် နည်း။ Clean Yangon မှတာဝန်ရှိသူတစ်ဦးက ထိရောက်သောအရေးယူမှုဟု ဆိုသည်။ ၎င်းတို့ရှင်းထား သောနေရာများတွင် အမှိုက်များပြန်လည်ရှုပ်ပွလာခြင်းနှင့်ပတ်သက်၍ အာဏာပိုင်များအနေနှင့် ထိရောက် သောအရေးယူမှုရှိ ရန်လိုအပ်ကြောင်း ဆိုသည်။ အထက်တွင်ဆိုခဲ့သလို ဘယ်သူသေသေ ငတေမာလျှင်ပြီးရောသမားများမှာ မိမိကြောင့် ပတ်ဝန်းကျင် ဘာဖြစ်ဖြစ် သူတို့နှင့်မဆိုင်သလိုနေ တတ်ရုံတင်မက ဟားတိုက်ရယ်မောခြင်း ပင် ပြုနိုင်သူများဖြစ်သည်။ ၎င်းတို့မှာ မသိ၍ကျူးလွန်မိခြင်းမဟုတ်သဖြင့် ပညာပေးရန် မလို၊ ထိရောက်သော အရေးယူမှုတစ်ခုတည်း သာလျှင် အနာ နှင့်ဆေးတွေ့ခြင်းဖြစ်သည်။ ထိရောက်သောအရေးယူမှုကိုဖော် ဆောင်မည်ဆိုလျှင် ထိရောက်သော စောင့်ကြပ်စစ်ဆေးမှုရှိရန် လိုသည်။ နောက်ဖေးလမ်းကြားများတွင် စီစီတီဗီ များတပ်ဆင်ကာ စောင့်ကြည့်ခြင်းမှာ အင်မတန်မှအဓိပ္ပာယ် မရှိလှသော်လည်း ၂၄နာရီပြည့်အကောင်းဆုံးစောင့်ကြည့် ပေးမည့်သူမှာ စီစီတီဗီသာရှိသည်။ သို့သော် နည်းပညာဆိုသည်မှာ အထောက်အကူအဆင့်မျှသာဖြစ်သည်။အဓိကအချက်မှာ ပြည်သူ အများစု၏ ပူးပေါင်းပါဝင်မှုဖြစ်သည်။ပြည်သူတို့ပူး ပေါင်းပါဝင်လာရေးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏စွမ်းဆောင် ရည်ကအဓိကကျပြန်သည်။ ပြောရလျှင် အဓိက၏အဓိကကျမှုမှာ အာဏာပိုင်များက တကယ်လုပ်ချင်စိတ်ရှိ၊ မရှိဖြစ်သည်။ ထိရောက်စွာအရေးယူမည်ဆို သည့်စာသားမှာ အပေါ့မသွားရန် တား မြစ်ထားသည့်စာမှစလို့ အာဏာပိုင် အသီးသီးတို့၏ဌာနဆိုင်ရာများအထိ မြန်မာ့နေရာအနှံ့တွင် မြင်ရတွေ့ရလေ့ ရှိသောစာသားဖြစ် သည်။ မြင်ရပါများသဖြင့် သိပ်မကြောက်ကြသည့်စာသားလည်းဖြစ်သည်။ ထို့ပြင် ထိရောက်စွာအရေးယူမှုတွင် မျက်နှာအကြီး၊အသေး၊အစိမ်း၊ အကျက်ခွဲခြားမှုလည်းရှိ၊ ငွေပေးလျှင် လိုသလိုဖြစ်ခွင့်ပေးသည့်တရားစီရင်ရေးကလည်း နှစ်ပေါင်းရှည်ကြာကြီးစိုးခဲ့လေသဖြင့် ထိရောက်စွာအရေးယူမှုသည် လူတိုင်းအတွက်မဟုတ်တာလည်းသေချာသည်။ ပြောရလျှင် နယ် ပယ်အသီးသီးတွင် အကြောင်းကြောင်း သောအကြောင်းကြောင်းများကြောင့် ထိရောက်စွာအရေးယူရန် အလီလီပျက် ကွက်ခဲ့သည်။ ထိုသို့ ထိရောက်စွာအရေးယူရန် ပျက်ကွက်မှုအပေါ် တာဝန်ပျက်ကွက် သည်ဟုဆိုကာ အရေးယူမှု မရှိ သလောက်ရှားခြင်းကလည်း အရေးကြီး ပြဿနာတစ်ရပ်ပင်ဖြစ်သည်။ကျွန်တော်တို့ဝန်ထမ်းအဖွဲ့အစည်းများ တွင် လုပ်ငန်းတာဝန်မကျေပွန်မှုဆိုသည်မှာပြုမြဲ တာဝန်တစ်ရပ်ပမာ ယနေ့ထိတိုင် အလံထူနေဆဲဖြစ်သည်။ အရာအားလုံး၏အရင်းအမြစ်မှာ နှစ်ပေါင်းရှည်ကြာကျွန်တော်တို့အသား ကျခဲ့သော ကိုယ်စီတာဝန် မကျေပွန်မှုဖြစ်သည်။ တာဝန်မကျေပွန်မှုသည် လူ့အဖွဲ့အစည်းအတွင်းထမင်းစားရေ သောက်ပမာ၊ ရယ်စရာ မောစရာပမာဖြင့် ကျွန်တော်တို့နစ်ခဲ့သည်။ နစ်ခဲ့သောကာလများမှာ ကျွန်တော်တို့ခံတွင်းပျက်ခဲ့သော စစ်အစိုးရ ကာလများဖြစ်သည်။ ယခုအခါ ကိုယ့်လမ်းကိုယ်ဖောက် လို့ ကိုယ့်နိုင်ငံကိုယ်ဆောက်ခွင့်သာလာ သောကာလ။ ဖောက် သလောက်ပေါက် ဖို့ဆိုသည်မှာ အားသွန်ခွန်စိုက်လမ်းဖောက်ရုံမျှဖြင့်မရ။ သွားသလောက် မရောက်အောင် ခြေထိုးခံနေသော အမှိုက်သရိုက်စရိုက်မျိုးစုံကိုလည်း ထိရောက်စွာရှင်းလင်းတတ်ရန် လိုအပ် ပေလိမ့်မည်။ မျိုးညွန့်(Popular News) ဒီလှိုင်းစာစောင်၊ အတွဲ(၈)၊ အမှတ်(၁၈)