ဥတုရာသီ ပြောင်းလဲမှုအကြောင်း ‌ဒေါက်တာမြင့်ဇော်

‌ဒေါက်တာမြင့်ဇော်က ဥတုရာသီ ပြောင်းလဲမှုအကြောင်း ‌ဟောပြောပွဲလုပ်မည်ဆိုတော့ ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမိသည်။ ဥတုရာသီပြောင်းလဲမှု ဒဏ်တွေကို ကျွန်တော်တို့ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရပြီးဖြစ်သည်။ ပြီးခဲ့သည့်နွေရာသီကဆို မကြုံစဖူး အပူချိန်မြင့်မားမှုကို ကြုံရသည်။ တစ်ဦးနှင့်တစ်ဦး လမ်းတွေ့နှုတ်ဆက်သည့် လက်သုံးစကားတောင် '' စားပြီးပြီလား'' ဖြင့် အစမချီတော့။ ''ပူတယ်နော်''ဟု ပြောင်းလဲသွားသည်။

ဥတုရာသီ ပြောင်းလဲမှုဒဏ်ကို သက်ရှိမှန်သမျှ ခံစားနေရမှတော့ ထိုအရေးမှာ သဘာဝဝန်းကျင်သမားများ၏ အရေးသာ မဟုတ်တော့။ ပြည်သူအားလုံး၏ အရေးဖြစ်လေသည်။ ပြည်သူအားလုံး သိသင့်သိထိုက်သည့် အရေးကို ဒေါက်တာမြင့်ဇော်က ဟောပြောချေမည်။ ဒေါက်တာမြင့်ဇော်အကြောင်းပြောလျှင် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်ကြီးကို ကယ်ဆယ်ရန် အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့သည့် ဆရာ့၏ အားထုတ်မှုမျိုးကို ချန်လှပ်ထား၍ ရမည်မဟုတ်။ မြစ်ဆုံဆည် တည်ဆောက်ရေး ဆန့်ကျင်လှုပ်ရှားမှုများအတွက် ကမ္ဘာ့အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆု(Goldman) ဆွတ်ခူးခဲ့သည်။

သြစတေးလျအမျိုးသားတက္ကသိုလ်တွင် သယံဇာတ စီမံခန့်ခွဲမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပါရဂူဘွဲ့ ရရှိခဲ့သူ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပါဝင်လှုပ်ရှားခဲ့သူ၊ သဘာဝပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ စာအုပ်များ ရေးသားခဲ့သူဖြစ်သည်။ လောလောလတ်လတ် ထွက်ရှိထားသည့် '' ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ'' စာအုပ်ကိုလည်း ပြည်သူအားလုံး ဖတ်ရှုနိုင်ဖို့ PDF ဖိုင် Download တင်ပေးထားသည်။ စာအုပ်ရောင်းရရေး ဦးစားပေးမဟုတ်၊ စာအုပ်ပါ အကြောင်းအရာများကို ပြည်သူများ ဖတ်ရှုကြလျင် ကျေနပ်ပြီဆိုသည့် စေတနာကို အတိုင်းသားမြင်ရ၏။

''ကိုဗစ်ကပ်ဘေးသင့်ကမ္ဘာကနေ လှမ်းမျော်ကြည့်တဲ့အခါ ရှေ့မှာ ဥတုရာသီဘေးနဲ့ အလွမ်းဇာတ်တွေ အစီအရီ ရှိနေတာကို မြင်နေရပါတယ်။ ခင်ဗျားဘဝနဲ့ ခင်ဗျား လူ့အသိုက်အမြုံကို အဲဒီအလွမ်းဇာတ်ထဲကနေ တည်ဆောက်ယူရမှာပါ'' . . .။ ဥတုရာသီပြောင်းလဲမှုအရေး ဟောပြောပွဲအတွက် ဒေါက်တာမြင့်ဇော်က ယခုကဲ့သို့ နိဒါန်းချီထား၏။ ကိုဗစ်ကပ်ဘေးသင့်ကာလတွင် နေထိုင်မှုပုံစံသစ် ပြောင်းလဲသွားသည်။ ထိုကဲ့သို့ ပြောင်းလဲမှုနှင့်အတူ တစ်ခါသုံး ပလတ်စတစ်အိတ်များ၊ ဖော့ဘူးများ အသုံးပြုမှု မြင့်တက်လာခြင်းက သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်စေမည်ဖြစ်ရာ ထိုအရေးကိုလည်း ထည့်တွေးရန် လိုအပ်ပေမည်။

ဇူလိုင်လ ၅ ရက်၊ ည ၇ နာရီအချိန်တွင် ကျင်းပမည့် ဒေါက်တာမြင့်ဇော်၏ ဥတုရာသီ ပြောင်းလဲမှုအရေး ဟောပြောပွဲကို Clean Yangon နှင့် Yoyarlay ဖေ့ဘွတ်ခ်စာမျက်နှာများတွင် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ပြည်သူအားလုံးနှင့် သက်ဆိုင်သည့် ဥတုရာသီ ပြောင်းလဲမှုအရေး ဟောပြောပွဲကို ပြည်သူအားလုံး နားထောင်ခွင့်ရစေဖို့ ပြည်သူအချင်းချင်း လက်ဆင့်ကမ်းမျှဝေပေးကြဖို့ မေတ္တာရပ်ခံပါရစေ။

#YoYarLay #CleanYangon #CleanMyanmar