စာရင်းများ (၂၀၂၁)

COVID-19 ကာလအတွင်း ပြည်တွင်းပြည်ပမှ စေတနာရှင်များဝိုင်းဝန်းလှူဒါန်းထားသော အလှူငွေစုစုပေါင်းမှာ ၂၁.၁.၂၀၂၁ နေ့ထိ (217,434,225) ကျပ်တိတိ​ဖြစ်ပါတယ်။ အလှူရှင်စာရင်းများအား Clean Yangon ၏ စာမျက်နှာတွင် အချိန်နဲ့တပြေးညီ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ မျှဝေခြင်းများ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့ရာတွင် အဖွဲ့အစည်းအသီးသီးထံမှ အလှူပစ္စည်းများကိုလည်း မိမိတို့လက်ခံရရှိခဲ့ပါတယ်။ လက်ခံရရှိခဲ့သော အလှူပစ္စည်းများကို ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာများသို့ ပို့ဆောင်လှူဒါန်းခဲ့ကြသလို မျှဝေဖေးကူ ဒို့အတူနှင့် လိုရင်ခေါ်ပါ အစီအစဉ်များမှာလည်း ရိက္ခာထုပ်များ မျှဝေရာတွင်လည်း ထည့်သွင်းလှူဒါန်းခဲ့ကြပါတယ်။ အိမ်ထောင်စုပေါင်း (13,500) အားအိမ်တိုင်ရာရောက် စနစ်ဖြင့် တစ်အိမ်ထောင်လျှင် (15,000) ကျပ်ဖိုး မျှဝေခဲ့ကြပါတယ်။ ထို့အပြင် ဆေးရုံဆေးခန်းများရှိ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား Enervon-C အားဆေးများ ကူညီလှူဒါန်းပေးခဲ့ကြပါတယ်။ လိုအပ်သည်များအား လိုအပ်သည့်အချိန်တွင် လှူဒါန်းခဲ့ကြသလို ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ကာကွယ်ရေးသုံး ဆေးပစ္စည်းများလည်း လှူဒါန်းခဲ့ကြပါတယ်။ ကိုဗစ်ကာလ စွမ်းစွမ်းတမံဆောင်ရွက်နေသော အဖွဲ့အစည်းများစွာအနက်မှ လူမှုကူညီရေးအသင်း (၂) သင်းအား လူနာတင်ယာဉ် (၂) စီးအားလည်း (၇) ရက်သားသမီးစေတနာရှင်များကိုယ်စား လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပမှ လှူဒါန်းထားသော အလှူငွေများထဲမှ ငွေသားကျပ် ( 210,329,420 )ကျပ် နှင့် အလှူပစ္စည်းများအား မျှဝေလှူဒါန်းမှုအသီးသီးအတွက် ထိရောက်စွာ သုံးစွဲခဲ့ကြပြီး လက်ကျန်ငွေစုစုပေါင်းမှာ (7,104,805 ) ကျပ်တိတိ ကျန်ရှိနေပါတယ်။ ကျန်ရှိလက်ကျန်ငွေများအား ထပ်မံရရှိလာမည့် အလှူငွေများနှင့်ပေါင်းစပ်ကာ လိုအပ်သည့်အခါများတွင် ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း (၇) ရက်သားသမီး စေတနာရှင်များအား လေးစားစွာ အသိပေးအပ်ပါတယ်။ ယုံကြည်စွာ လှူဒါန်းခဲ့ကြသော စေတနာရှင် အယောက်စီတိုင်းအား ကျေးဇူးအထူးပင် တင်ရှိအပ်ပါတယ်။ မျှဝေခြင်းသည်မေတ္တာဆိုသည့်အတိုင်း စေတနာရှင်များရဲ့ မေတ္တာတွေကို လိုအပ်နေသူများသို့ မျှဝေခွင့်ရခဲ့သည့်အတွက်လည်း ပီတိအင်မတန် ဖြစ်ခဲ့ရပါတယ်။ စေတနာရှင်များ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ မေတ္တာဖြင့် #CleanYangon #CleanMyanmar