ရန်ကုန်တိုင်းအတွင်း မှန်စာအပ်ချည်ကြိုးအသုံးပြုပြီး စွန်လွှတ်ပါက ဥပဒေဖြင့် အရေးယူမည်

ရန်ကုန်တိုင်းအတွင်း မှန်စာအပ်ချည်ကြိုးအသုံးပြုပြီး စွန်လွှတ်ပါက ဥပဒေဖြင့် အရေးယူမည် ဇန်နဝါရီ ၂ဝ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် မှန်စာအပ်ချည်ကြိုးအသုံးပြုပြီး စွန်လွှတ်ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသန္တရအမိန့်တစ်ရပ်ကို ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ၂၀၂၀ခုနှစ် ၊ဒီဇင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဆိုင်ကယ်စီးနင်းလာသည့် အသက် ၄၅ နှစ်အရွယ် ဦးစောကျော်ထူးသည် စွန်လွှတ်ရာမှ ပြတ်ကျန်ခဲ့သည့် မှန်စာကြိုးဖြင့် လည်ပင်းကိုရစ်ပတ်မိပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။ ထိုသို့ဖြစ်ပွားခဲ့ပြီးနောက် အလားတူဖြစ်စဉ်မျိုးထပ်မံမဖြစ်ပွားစေရေး မှန်စာကြိုးနှင့်ပတ်သက်ပြီး ကန့်သတ်ဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြခဲ့သည့်အတွက် တိုင်းအစိုးရက ယခုကဲ့သို့ဒေသန္တရအမိန့်တစ်ရပ်ကိုထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက မဇ္ဈိမကို ပြောသည်။ “ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်တွေရဲ့ ဧရိယာ၊ ဥပမာ မင်္ဂလာတောင်ညွှန့်မှာ အမိန့်ထုတ်ထားရင် မင်္ဂလာတောင်ညွန့်မြို့နယ်ဧရိယာအတွင်းအကုန်အကျုံးဝင်တာပေါ့။ လယ်ကွင်းထဲမှာဆိုရင်လည်း အခြားစွန်လွှတ်သူတွေရှိမယ်။ တောင်သူလယ်သမားတွေရှိမယ်။ စွန်လွှတ်ရင်းနဲ့ အဲ့ဒီထဲမှာ စိတ်ဝင်စားသွားရင် ဘေးပတ်ဝန်းကျင်ကို စိတ်မဝင်စားတော့ဘူး။ အဲ့ဒီတော့ ဘာဖြစ်နိုင်လဲဆိုတော့ မှန်စာကြိုးကနေတစ်ဆင့် လည်ပင်းညှိပြီးတော့မှ ပြတ်ရှဒဏ်ရာတွေနဲ့ အသက်သေဆုံးတာတွေရှိနိုင်တယ်။ အပျော်တမ်းသာမန်ကြိုးလေးနဲ့ လွှတ်လို့ အန္တရာယ်မရှိအောင်လုပ်တာကတော့ ပြဿနာမရှိဘူးလေ” ဟု ၎င်းက ပြောသည်။ စွန်လွှတ်ခြင်းကစားနည်းသည် လူကြီး၊လူငယ် မရွေးပွင့်လင်းရာသီရောက်လာချိန်တွင် ကစားလေ့ရှိပြီး မြန်မာ့ရိုးရာအားကစားအဖွဲ့ချုပ်ကလည်း စွန်ဖြတ်ပြိုင်ပွဲများကို ပြုလုပ်လေ့ရှိသည့်အတွက် ညှိနှိုင်းဆွေးမှုများပြုလုပ်ပြီးမှသာ အမိန့်ညွှန်ကြားချက်ထုတ်ပြန်စေလိုကြောင်း စွန်လွှတ်ဝါသနာရှင်တစ်ဦး ဖြစ်သည့် ကိုသန့်သူနိုင်က ပြောသည်။ “ကျွန်တော်တို့က စွန်လွှတ်တယ်ဆိုတာ အလှလွှတ်တာရှိတယ်။ နောက်တစ်ခုက စွန်ဖြတ်တယ်ဆိုတာကလည်း အားကစားနည်းတစ်မျိုးပဲ။ မှန်စာမပါဘဲ အပ်ချည်ကြိုးချည်းလွှတ်ဖို့ကျတော့ အဆင်မပြေဘူး။ ကျွန်တော်ဖြစ်စေချင်တာကတော့ စွန်လွှတ်တာကို တသွေးတသံတစ်မိန့်ကြီးနဲ့ လုံဝမလွှတ်ရဘူးဆိုတာမျိုး၊ စာထွက်လာတာမျိုးထက် စွန်လွှတ်မယ်ဆိုရင် မြို့ပြင်မှာ ဖြစ်ဖြစ်၊ လူရှင်းတဲ့ နေရာမှာ ထွက်လွှတ်လို့တော့ ရတယ်ပေါ့နော်။ အဲ့လိုမျိုးပဲဖြစ်ဖြစ် စည်းကမ်းတွေကို နည်းနည်းညှိညှိနှိုင်းနှိုင်းဖြစ်စေချင်တာပေါ့” ဟု ပြောသည်။ မှန်စာကြိုးအသုံးပြုကာ စွန့်လွှတ်ခြင်းမပြုရန် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို မလိုက်နာပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၁၈၁ အရ အရေးယူသွားမည်ဖြစ်ကြောင်းလည်း မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောသည်။ ယခုကဲ့သို့ ဒေသန္တအမိန့်ထုတ်ပြန်ခြင်းကို သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများသည် အများပြည်သူ အကျိုးအတွက်ဖြစ်ပါက တိုင်းအစိုးရ၏ခွင့်ပြုချက်အရ ထုတ်ပြန်ခွင့်ရှိကြောင်းသိရသည်။ Mizzima သတင်းမှ ကူးယူဖော်ပြပါတယ်။