နေချင့်စဖွယ်ကောင်းသော ရန်ကုန်တိုင်းဒေသကြီး၏ ကျွန်းမြို့လေး

ကိုကိုးကျွန်းမြို့နယ် . . . ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါဝင်သော် လည်း ကုန်းမြေဆက်စပ်မှုမရှိဘဲ သီးခြား ရပ်တည်နေသော မြို့ငယ်လေး တစ်မြို့။ ကိုကိုးကျွန်းမြို့လေးသည် ပင်လယ်ရေမျက်နှာ ပြင်အထက် ၁၁၂ မီတာ၊ မြန်မာ့ရေပိုင်နက် အတွင်း တည်ရှိနေသော ကျွန်းမြို့လေး ဖြစ်သည်။ ဒေသထွက်ကုန်ပစ္စည်းဟူ၍ မယ်မယ်ရရမရှိ၊ နေထိုင်သော လူဦးရေက ၁၃၆၀ ကျော်သာရှိသည်။ မြန်မာ့ပင်လယ်ပြင် အတွင်း တသီးတခြား တည်ရှိနေသော ကိုကိုးကျွန်းငယ်လေးကို မြန်မာနိုင်ငံပင်မ ကုန်းမြေနှင့် ရေမိုင် ၂၆၀ ကျော်က ခြားနား ထားသည်။ ထို့အတွက် ကိုကိုးကျွန်းမြို့နယ် လေး၏ ဒေသဖွံ့ဖြိုးမှုက ပြည်မကုန်းမြေနှင့် စာလျှင် တိုးတက်မှုက နှေးကွေးနေသည်။

ယခင်က လေယာဉ်ခရီးစဉ်နှင့် တပ်မတော် ရေယာဉ်များဖြင့်သာ ခရီးလမ်းပေါက်ခဲ့ရာမှ လက်ရှိအစိုးရလက်ထက်တွင် ရန်ကုန်-ကိုကိုးကျွန်း ရေလမ်းခရီးစဉ်သစ်ကို သင်္ဘော ငယ်တစ်စင်းဖြင့် စတင်ပြေးဆွဲပေးခဲ့သည်။ ပုံမှန်ရေလမ်းခရီးစဉ်သစ်တစ်ခု စတင်နိုင်ခဲ့ သည့်အတွက် ကိုကိုးကျွန်းနေပြည်သူများအဖို့ ပုံမှန် ဟင်းသီးဟင်းရွက်၊ သားငါးစားသုံးနိုင်မည့် အခြေအနေတစ်ရပ်ကို ရောက်ရှိလာပြီဟု ဆိုနိုင်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ စီစဉ်ညွှန်ကြားမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အကောင်အထည်ဖော်ကာ သဟာပတိရေယာဉ်ဖြင့် ကိုကိုးကျွန်း ပထမ ခရီးစဉ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် လည်းကောင်း၊ ဒုတိယခရီးစဉ်ကို မတ်လ အတွင်း၌လည်းကောင်း ပြေးဆွဲပေးခဲ့သည်။

သဘာဝပထဝီဝင်အနေအထားနှင့် ရာသီ ဥတုအခြေအနေ၊ ဖွံ့ဖြိုးမှုနောက်ကျကျန် နေရသည့် အကြောင်းတရားတို့ကြောင့် သင်္ဘောဆိုက်ကပ်နိုင်သည့် ခေတ်မီဆိပ်ကမ်း မရှိသေးဘဲ ကမ်းထိုးရေယာဉ်များကိုသာ အသုံးပြု၍ သယ်ယူပို့ဆောင်နေရသည်။ မတ်လ ဒုတိယသင်္ဘောခေါက်၏ အပြန်ခရီးစဉ် နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် သင်္ဘောခရီးစဉ်များကို ရပ်ဆိုင်းခဲ့ရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တိုင်းဒေသကြီးတစ်ခုလုံးမီးလင်း ရေးစီမံချက်အရ ယခု ဩဂုတ်လအတွင်း တတိယသင်္ဘောခေါက်အဖြစ် ကိုကိုးကျွန်း မြို့နယ်သို့ လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများကို ပို့ဆောင်ပေးရမည်ဖြစ်သည်။

သင်္ဘောပေါ်သို့ တင်ချပေးနေ ကိုကိုးကျွန်းသင်္ဘောထွက်မည့်ရက်က ဩဂုတ် ၉ ရက်နေ့ဖြစ်သော်လည်း သင်္ဘောပေါ် ကုန်စည်များ အတင်အချပြုလုပ်နေပုံ သတင်း ဓာတ်ပုံရယူရေး စိတ်စောနေသည့်အတွက် ဩဂုတ် ၇ ရက်ကပင် သာကေတမြို့နယ် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ဆိပ်ခံ တံတားရှိရာသို့ အရောက်လာမိသည်။ ဆိပ်ခံ ဗောတံတားသို့အရောက်တွင် ကိုကိုးကျွန်းသို့ တင်ပို့မည့် လျှပ်စစ်လုပ်ငန်းသုံးပစ္စည်းမျိုးစုံကို စတင်တွေ့မြင်ရသည်။ ဝန်ချီကရိန်းတစ်စင်း ဖြင့် ဓာတ်တိုင်များ၊ အုတ်ခဲများကို သင်္ဘောပေါ် သို့ တင်ချပေးနေသည်။

အနီးတွင်တွေ့ရသော ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယူနီဖောင်း ဝတ်ဆင်ထားသူတစ်ဦးအား မေးမြန်းကြည့်ရာ တွင် ကိုကိုးကျွန်းမြို့နယ် လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက် ဆိုလာစနစ်ဖြင့် ဓာတ်အား ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဓာတ်အား လိုင်းတိုင်အပါအဝင် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေနှင့် အခြားဆက်စပ်ပစ္စည်း ၆၃၃ တန်ကို သင်္ဘောပေါ် တင်ဆောင်နေခြင်းဖြစ် ကြောင်း သိခွင့်ရခဲ့သည်။

၆ နာရီသာ ဓာတ်အားဖြန့်ဖြူး လက်ရှိအချိန်တွင် ကိုကိုးကျွန်းမြို့နယ် အား ၃၅၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် ဖြင့် ဓာတ်အားပေးထားပြီး ဓာတ်အားလိုင်းများ အနေဖြင့် ၁၁ ကေဗွီအေ ဓာတ်အားလိုင်း ၂ မိုင်ကျော်၊ ၄၀၀ ဗို့အား ဓာတ်အားလိုင်း ၃ မိုင်ကျော်တို့အား လျှပ်ကာပစ္စည်းပါဝင်မှု မရှိသည့် ဓာတ်အား လိုင်းကြိုးများ၊ ၇ မီတာ၊ ၈ မီတာ ဒေသလုပ် ဓာတ်အားလိုင်းတိုင်များဖြင့် ညနေ ၆ နာရီမှ ည ၁၂ နာရီ အထိ တစ်နေ့ ၆ နာရီသာ ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိသည်။

၂၄ နာရီ ဓာတ်အားဖြန့်ဖြူးနိုင်မည် ယခုအခါ ရန်ကုန်ုတိုင်းဒေသကြီးအတွင်း ဓာတ်အားမရရှိသေးသော ကျေးရွာများအား ၂၀၂၀ ပြည့်နှစ်အတွင်း မီးလင်းနိုင်စေရေး အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ကိုကိုး ကျွန်းမြို့နယ်ကို ဆိုလာစနစ်ဖြင့် ၂၄ နာရီ ဓာတ်အားပေးနိုင်စေရေးအတွက် တင်ဒါအောင် ကုမ္ပဏီမှ ငါးလအတွင်း ဆိုလာဓာတ်အားခွဲရုံ တည်ဆောက်ခြင်းနှင့် မြို့နယ်လျှပ်စစ်ရုံး အနေဖြင့် စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ဓာတ်အားလိုင်းတိုင် ၁၀ မီတာ ကွန်ကရစ်တိုင် ၂၆၀ ဖြင့် လဲလှယ်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အား လိုင်း နှစ်မိုင်ကျော်နှင့် ၀ ဒသမ ၄ ဓာတ်အား လိုင်း သုံးမိုင်ကျော်တို့အား လျှပ်ကာပါဝင်သည့် ဓာတ်အားလိုင်းကြိုးများဖြင့် ဆွဲသားခြင်း လုပ်ငန်းများကို ယခုနှစ် အောက်တိုဘာ လတွင် အပြီးဆောင်ရွက်မည်ဖြစ်ကာ ဆိုလာ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးသည်နှင့် ၂၄ နာရီ ဓာတ်အား ဖြန့်ဖြူးနိုင်မည်ဖြစ် သည်။

ကိုကိုးကျွန်းမြို့နယ်သည် မကြာမီ ကာလအတွင်း လျှပ်စစ်မီးပြည့်ဝစွာရရှိမည် ဖြစ်ရာ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို လုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။ နိုင်ငံတော်မှလည်း ကိုကိုးကျွန်းမြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက် ပေးတော့မည်ဖြစ်ရာ မကြာမီကာလအတွင်း နေချင့်စဖွယ်ကောင်းသော ရန်ကုန်တိုင်းဒေသ ကြီး၏ ကျွန်းမြို့လေးတစ်မြို့အဖြစ် တွေ့မြင် လာတော့မည်ဖြစ်သည်။ ။

ရှင်နော်

#မြန်မာ့အလင်း