ရန်ကုန်မြို့ရဲ့ ခရီးသွားခရီးစဉ်သစ်

ရန်ကုန်မြို့ဟာ ပြည်တွင်းပြည်ပခရီးသွားတွေအတွက် လည်ပတ်လေ့လာစရာနေရာတွေ အများအပြားရှိနေပါတယ်။ ရွှေတိဂုံစေတီအပါအဝင် အထင်ကရ စေတီပုထိုးတွေ၊ ရှေးဟောင်းအဆောက်အအုံတွေ၊ မြို့ပြရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ၊ ပန်းဥယျာဉ်နဲ့ အခြားစိတ်ဝင်စားစရာနေရာတွေ တည်ရှိနေပါတယ်။ ဒီနေရာတွေဟာ သမိုင်းတန်ဖိုး ကြီးမားတဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေလည်း အမြဲပြုလုပ်နေရတဲ့ အမွေအနှစ်တွေ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ပြည်တွင်းပြည်ပ ခရီးသွားတွေအတွက် ဆွဲဆောင်မှုရှိနိုင်တဲ့ ခရီးစဉ်တွေ ဖော်ဆောင်ဖို့လည်း ကြိုးစားနေပါတယ်။ အခုဆိုရင် ခရီးသွားခရီးစဉ်သစ်တစ်ခုကို ဖော်ဆောင်နိုင်ရေး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေတဲ့အပြင် အကောင်အထည် ဖော်နိုင်ရေးလည်း ကြိုးစားနေပြီဖြစ်ပါတယ်။

ဒီခရီးစဉ်သစ်ကတော့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းမှာရှိတဲ့ ရေလယ် ကျောက်တန်း ဘုရားကနေပြီး ကျောက်တန်း တစ်ဖက်ကမ်းက ရွာတွေကို လေ့လာနိုင်ဖို့စီစဉ်နေတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ်သစ် ဖြစ်မြောက်နိုင်ရေး အတွက်လည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်ကလည်း ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၀ ရက်က အဲဒီနေရာတွေကို ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

ဒီခရီးစဉ်ကို သွားရောက်တဲ့အခါမှာ ကျောက်တန်း မြို့နယ် မီးပြကျေးရွာမှာရှိတဲ့ အဘိသေကဘောဂ သေနမင်း တည် ထား ခဲ့ တဲ့ ဉာဏ်တော် ၃၆ တောင်ခန့်မြင့်တဲ့ ဓာတ်ပေါင်းစု ဆုတောင်းပြည့် ရွှေဘုံသာစေတီ၊ သံတဲ ကျေးရွာ ကျောက်တိုင်ကမ်းခြေမှာ အပန်းဖြေနိုင်သလို ၁၉၂၂ ခုနှစ်မှာ တည်ဆောက်ဖွင့်လှစ်ခဲ့တဲ့ မီးပြတိုက် ဟောင်း စတဲ့နေရာတွေကို ရောက်ရှိလေ့လာနိုင်ပါတယ်။ ခရီးစဉ်ဒေသသစ် ဖော်ဆောင်နိုင်ရေးနဲ့ လူထုအခြေပြု ခရီးသွားခရီးစဉ် ဖြစ်ပေါ်နိုင်ရေးတွေကို စတင်နိုင်တဲ့ အခြေအနေတွေ ရှိနေပြီဖြစ်ပါတယ်။

ရှေးဟောင်းသမိုင်းဝင် ရွှေဂူကြီးစေတီကို ဖူးမြော်နိုင် ကျောက်တန်းမြို့က ငါးမိုင်အကွာမှာရှိတဲ့ဥယျာဉ်ရွာမှာလည်း ရှေးဟောင်းသမိုင်းဝင် ရွှေဂူကြီးစေတီကို ဖူးမြော်နိုင်ပါတယ်။ ဒီလိုရွာများရှိ ခရီးစဉ်နေရာတွေ၊ ကမ်းခြေတစ်လျှောက်ကျေးရွာတွေ လည်ပတ်တာ၊ ကျေးရွာတွေရဲ့ လူမှုဘဝနေထိုင်မှုတွေနဲ့ စားဝတ် နေရေးအတွက် နေ့စဉ်လုပ်ကိုင်နေမှုတွေကို မြို့ပြနဲ့ တစ်ဆက်တစ်စပ်တည်း သွားရောက်လေ့လာလို့ရမှာ ဖြစ်ပါတယ်။ ဒီနေရာတွေကို ခရီးစဉ်သစ်အနေနဲ့ ဖော်ဆောင်ရင် လိုအပ်ချက်တွေ ထပ်ပြီးဖြည့်ဆည်းပေးဖို့ လည်း ရှိနေပါတယ်။

ကျောက်တန်းရေလယ်ဘုရားဟာ ထူးခြားစွာ တည်ရှိနေပြီး ထိုင်းနဲ့ တရုတ်နိုင်ငံသား အများစုက လာရောက်ဖူးမြော်လေ့ရှိကြပါတယ်။ ဒီလို လာရောက် ဖူးမြော်ရင်းနဲ့ အနီးဝန်းကျင်မှာရှိတဲ့ အဲဒီ နေရာတွေကို နေ့ချင်းပြန် လေ့လာရေးခရီးသွား ခရီးစဉ်အနေနဲ့ ဖော်ဆောင်နိုင်တဲ့ အခွင့်အလမ်း ရှိနေပါတယ်။ ဒါ့အပြင် ပီလခတ်ကျေးရွာမှာရှိတဲ့ ပီလခတ် စရီအန်ဂါလဲ အိစ်စရီ-စရီ မဟာမူနီ(စ်)ဝရရ် ဟိန္ဒူဘုရား ကျောင်းကလည်း စိတ်ဝင်စားစရာ လေ့လာနိုင်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ပတ်ဝန်းကျင်တွေကို ပိုမိုလေ့လာလို ဒီနေ့ ကမ္ဘာလှည့်ခရီးသွားအများစုဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပြည်သူတွေ၊ အထူးသဖြင့် ကျေးလက်နေ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝတွေနဲ့ သဘာဝအတိုင်း တည်ရှိနေတဲ့ ပတ်ဝန်းကျင်တွေကို ပိုမိုလေ့လာလိုကြတဲ့ ဆန္ဒရှိနေပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အလှမ်းကွာဝေးတဲ့ သို့မဟုတ် မလှမ်းမကမ်းခရီးမှာရှိတဲ့ ကျေးလက်ဒေသခံတွေရဲ့ ဘဝနေထိုင်မှုတွေကို ပိုပြီး စိတ်ဝင်းစားကြပါတယ်။

လူထုအခြေပြုခရီးသွားလုပ်ငန်း ဒီလို ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားမှုရှိနေတဲ့ ခရီးစဉ်ကို အကောင်းဆုံးပေါင်းကူးဆက်သွယ်ပေးနိုင် တာကတော့ လူထုအခြေပြုခရီးသွားလုပ်ငန်းပဲ ဖြစ်ပါ တယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းကာ အကောင်အထည်ဖော်နိုင်ရင်တော့ ဒေသခံတွေအတွက် အသက်မွေးဝမ်းကျောင်း အလုပ်တွေ၊ အခွင့်အလမ်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါ တယ်။

အောင်မြင်တဲ့ လူထု အခြေပြုခရီးသွား လုပ်ငန်း စီမံကိန်းတွေဆိုတာ ဒေသခံ လူမှုအသိုက်အဝန်းနဲ့ ခရီးသွား လုပ်ငန်းကျွမ်းကျင်သူတွေ အတူတကွ ပူးပေါင်းဆောင်ရွက်မှုကနေပြီး ထွက်ပေါ်လာနိုင်တာ ဖြစ်ပါတယ်။ တကယ်တော့ လူထုအခြေပြု ခရီးသွား လုပ်ငန်းဆိုတာကလည်း လူမှုအသိုက်အဝန်း တစ်ရပ် အတွင်း နေထိုင်ကြတဲ့ ဒေသခံတွေကိုယ်တိုင် သူတို့ရဲ့ လူမှုအသိုက်အဝန်းဆီကို ခရီးသွား ဧည့်သည်တွေကို ဖိတ်ခေါ်တဲ့ ခရီးသွားလုပ်ငန်းအမျိုးအစား ဖြစ်ပါတယ်။ ခရီးစဉ်သစ်တွေကို ဖော်ဆောင်နိုင်ရေး ကြိုးစား ဒီလို အကြောင်းအချက်တွေကြောင့်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လူထုအခြေပြု ခရီးသွား ခရီးစဉ်သစ်တွေကို ဖော်ဆောင်နိုင်ရေး ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လှည်းကူးမြို့နယ် ရေကျော်ကျေးရွာမှာရှိတဲ့ Mother Earth Organic Farm မှာ Eco Tourism နဲ့ Farm Tourism ခရီးစဉ်သစ်တွေ ဖော်ဆောင်နိုင်ရေးကိုလည်း အခြေနေတွေ လေ့လာ နေတာ ရှိပါတယ်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ ကလည်း ဟိုတယ်တွေ၊ ခမ်းနားတဲ့ ပြယုဂ်ကြီးတွေရှိတဲ့ နေရာတွေမှာပဲ တိုးတက်နိုင်တာ မဟုတ်ပါဘူး။ နေရာ တိုင်း၊ ဒေသတိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်ကြီးတွေ ရှိနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း ရပ်ရွာအခြေပြုတဲ့ ခရီးသွားလုပ်ငန်းတွေ ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဖော်ဆောင်ပေးနေတာ တွေ့ရပါတယ်။ အခု ဆိုရင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကျိုက်သလဲကျေးရွာမှာလည်း လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားပြီး ဖြစ်ပါ တယ်။ အခု ကျောက်တန်းမြို့နယ်မှာ ဖော်ဆောင်နိုင်ရင်တော့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ လူထုအခြေပြု ခရီးသွားလုပ်ငန်း ခရီးစဉ်သစ်တစ်ခု ထပ်မံထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ စနစ်တကျ ဆောင်ရွက်တတ်ကြဖို့ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှာရှိတဲ့ ကျေးရွာဒေသ ၁၂ ခုကျော်မှာ လူထုအခြေပြု ခရီးသွားလုပ်ငန်းခရီးစဉ်သစ် တွေ ဖော်ဆောင်ထားပြီး ဖြစ်ပါတယ်။ ဒီလို ဖော်ဆောင်တဲ့ ကျေးရွာတွေမှာရှိတဲ့ ဒေသခံ တွေက ဧည့်ခံကျွေးမွေးတာကအစ အားလုံး သဘာဝကျကျနဲ့ သန့်သန့်ရှင်းရှင်းဖြစ်ပြီး အဆင့်မြင့်မြင့် ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် လေ့ကျင့်သင်ကြားပေးနေသလို ကျေးရွာနဲ့ သဘာဝအရင်းအမြစ်တွေကိုလည်း စနစ်တကျ ဆောင်ရွက်တတ်ကြဖို့လည်း သင်ကြားပေးနေ တာ ရှိပါတယ်။

မြန်မာနိုင်ငံမှာ လူထုအခြေပြုခရီးသွား လုပ်ငန်းဟာ ပထမဆုံးအနေနဲ့ ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းက ချင်းပြည်နယ် နတ်မတောင် အမျိုးသားဥယျာဉ်အနီး ဆော်ယောင်း ကျေးရွာမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ် ဖွင့်ပွဲကိုတော့ ဆော်ယောင်းကျေးရွာမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၃ ရက်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခုလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကိုဗစ်-၁၉ အလွန်ကာလအတွက် ကြိုတင်ပြင်ဆင် စီစဉ်မှုတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်တဲ့နေရာမှာ ခရီးသွားခရီးစဉ်သစ်အဖြစ် ကျောက်တန်းမြို့နယ်က ကျေးရွာတွေကို ရွေးချယ်ကာ ဖော်ဆောင်နိုင်ရေး လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အကောင်အထည်ဖော်နိုင်ခဲ့ရင်တော့ ရန်ကုန် မြို့မှာ ခရီးသွားခရီးစဉ်သစ်တစ်ခု ထွက်ပေါ် လာတော့မှာ ဖြစ်ပါတယ်။ ။

ဇင်လင်းမြင့်

#မြန်မာ့အလင်း

#CleanYangon

#CleanMyanmar