အရှေ့တောင်အာရှတွင် အရှည်ဆုံးညဈေးတန်း ဖြစ်လာမည့် ကမ်းနားလမ်း ညဈေးတန်း

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတွင်းရောဂါမပြန့်ပွားစေရေးအတွက် တားဆီး၊ ကန့်သတ်၊ ထိန်းချုပ်မှုများ ပြုလုပ်ဆဲကာလတွင် နိုင်ငံတွင်းရောဂါပြန့်ပွားမှုအခြေအနေကို တွက်ဆကာ နိုင်ငံတော်က အပိုင်းလိုက်ဖြေလျှော့မှုများ အဆင့်ဆင့်ပြုလုပ်ပေးလျက်ရှိသည်။ ထိုသို့အဆင့်လိုက်ဖြေလျှော့မှုများကြောင့် မြို့တော်ရန်ကုန်၏ လမ်းမများထက်၌ လူအပေါင်း သွားလာမှုက တစ်နေ့ထက်တစ်နေ့ ပြန်လည်များပြားလာသည်။

ရန်ကုန်မြို့ရှိ အစိုးရဌာနရုံးများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်လာပြီး ပုဂ္ဂလိကလုပ်ငန်းများ ပြန်လည် သက်ဝင်လာမှုကြောင့် ရန်ကုန်မြို့လမ်းမများသည် ပုံမှန် နီးပါး ပြန်လည်လှုပ်ရှားလာသည်။ ရန်ကုန်မြို့၏ လူသွားလူလာက ပုံမှန်နီးပါး ပြန်လည်ရောက်ရှိလာသည့် နည်းတူ လမ်းဘေးဈေးသည်များကလည်း အများ ပြည်သူပိုင် လမ်းမများပေါ်တွင် တစ်ကျော့ပြန်နေရာ ယူလာကြသည်။

ရပ်ကွက်အတွင်းလမ်းများ၊ လမ်းကြို လမ်းကြားများအကြားတွင် လပေါင်းများစွာ ဓာတ်တိုင် ဖြင့် ချည်နှောင်သော့ခတ်ခဲ့သော လက်တွန်းလှည်းလေး များမှာ လမ်းမများပေါ် စီရရီရောက်လာခဲ့ပြီဖြစ်သည်။

အမိုးအကာများပြုလုပ်ကာ ဝန်ဆောင်မှုပေး ယာဉ်သွားလမ်း၊ လူသွားလမ်း နှစ်နေရာပေါ်ခွကာ နေရာယူထားသော လမ်းဘေးဈေးသည်များကြောင့် ခရီးသွားပြည်သူများမှာ လမ်းလျှောက်စရာ နေရာမရှိ တော့ပေ။ မိုးတွင်းကာလဖြစ်သည့်အလျောက် စားသောက် သူများ မိုးလေလုံစေရန် လမ်းဘေးဈေးသည်များ ယာယီတဲဖြင့် အမိုးအကာများပြုလုပ်ကာ ဝန်ဆောင်မှု ပေးကြသည်။

တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေသော လမ်းဘေးဈေးသည်များကိုကြည့်ရင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော ရန်ကုန်ညဈေးတန်းကို မျက်စိထဲမြင်ယောင်လာသည်။ ရန်ကုန်ညဈေးတန်းသည် လမ်းဘေး ဈေးသည်များအတွက် စနစ်ကျသော ဈေးကွက် နေရာ တစ်ခုကို ဖော်ဆောင်နေခြင်းသာဖြစ်သည်ဟု စိတ်တွင် မြင်ယောင်မိသည်။

#အောင်မြင်မှုမရရှိ ရန်ကုန်ညဈေးတန်းကို ၂၀၁၆ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဈေးများ ဌာနတို့နှင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ သော်လည်း ဈေးသည်များ စည်းကမ်းဖောက်ဖျက်ခြင်း၊ သန့်ရှင်းသပ်ရပ်မှုအားနည်းခြင်းတို့ကြောင့် အောင်မြင်မှု မရရှိခဲ့ချေ။

ယခုအခါ ရန်ကုန်ညဈေးတန်းကြီးကို နိုင်ငံတကာ အဆင့်မီ အကောင်အထည်ဖော်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ညွှန်ကြားမှုဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်မှုများအရ ရန်ကုန်ကမ်းနားလမ်း ညဈေးကို Public Private Partnership စနစ်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် A 25 Myanmar Development Co., Ltd တို့ အကျိုးတူပူးပေါင်း၍ ရန်ကုန်ညဈေးတန်းအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘာ့ခရီးသွားများ အပန်းဖြေလည်ပတ်နိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို သိရှိစေရန်၊ အသေး စား စီးပွားရေးလုပ်ငန်းရှင်များအား အဓိကကူညီပံ့ပိုးပေးရန်၊ ရန်ကုန်မြို့၏ညအလှ ကို ခံစားပြီး အပန်းဖြေနိုင်ရန်၊ ကမ္ဘာလှည့် ခရီးသွားများအတွက် ရန်ကုန်မြို့၏ ဆွဲဆောင် မှုရှိသော အပန်းဖြေနေရာတစ်ခု ဖြစ်လာရန်၊ အရှေ့တောင်အာရှတွင် အရှည်ဆုံး ညဈေး တစ်ခုအဖြစ် စံချိန်တင်ရန် ရည်ရွယ်ချက်များဖြင့် ရန်ကုန်ညဈေးကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ရန်ကုန်ညဈေးတန်းကြီးကို အပိုင်း ငါးပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိပြီး အပိုင်းတစ်မှာ ကမ်းနားလမ်း ပန်းဆိုးတန်းလမ်းမှ ရွှေတိဂုံ ဘုရားလမ်းအထိ လည်းကောင်း၊ အပိုင်းနှစ်ကို ကမ်းနားလမ်း ရွှေတိဂုံဘုရားလမ်းမှ လသာ လမ်းအထိလည်းကောင်း၊ အပိုင်းသုံးကို ကမ်းနားလမ်း လသာလမ်းမှ လမ်းမတော်အထိ လည်းကောင်း၊ အပိုင်းလေးကို ကမ်းနားလမ်း လမ်းမတော်လမ်းမှ လမ်းသစ်လမ်းအထိ လည်းကောင်း၊ အပိုင်းငါးကို ကမ်းနားလမ်း ပန်းဆိုးတန်းလမ်းမှ ဗိုလ်တထောင်ဘုရား လမ်းအထိ လည်းကောင်း ဆောင်ရွက်မည် ဖြစ်သည်။

ရှေ့ပြေး ကနဦးအစီအစဉ်အဖြစ် အပိုင်းတစ် ဖြစ်သည့် ကမ်းနားလမ်း၊ ပန်းဆိုးတန်း လမ်းမှ ရွှေတိဂုံဘုရားလမ်းအထိကို ဆောင်ရွက် လျက်ရှိပြီး ယင်းအပိုင်းတွင် ဇုန် A မှ ဇုန် G အထိ အပိုင်းခုနစ်ပိုင်းခွဲ၍ စီမံဆောင်ရွက် လျက်ရှိသည်။ ဇုန် A တွင် စားသောက်ဆိုင် ခန်းများကိုလည်းကောင်း၊ ဇုန် B တွင် အပန်းဖြေနားနေရန်နေရာ၊ ကုမ္ပဏီရုံးခန်းများ၊ ATM စက်များ၊ ငွေလဲလှယ်ရေးကောင်တာများ၊ အများပြည်သူသုံး သန့်စင်ခန်းများ၊ အမှိုက်ပုံး၊ ရေတိုင်ကီများ၊ ဘတ်စ်ကားမှတ်တိုင်နှင့် အငှား ယာဉ်ရပ်နားရန် နေရာများကိုလည်းကောင်း၊ ဇုန် C တွင် အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်း ဆိုင်များ၊ ဇုန် D တွင် ဖျော်ဖြေရေးနေရာများကိုလည်းကောင်း၊ ဇုန် E တွင် ကွန်တိန်နာ ဆိုင်ခန်းများကိုလည်းကောင်း၊ ဇုန် F တွင် အဟောင်းပစ္စည်းဆိုင်များကို လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိအချိန်တွင် ရန်ကုန်ကမ်းနားလမ်း ညဈေးတန်းကို Public Private Partnership စနစ်ဖြင့် စနစ်တကျစီမံခန့်ခွဲပြီး အများ ပြည်သူကျန်းမာရေးအတွက် သန့်ရှင်း လတ်ဆတ်သော အစားအသောက်များ၊ အဝတ် အထည်များ၊ လက်မှုပစ္စည်းများ၊ စာအုပ်ဆိုင်များ အစရှိသည်တို့ကို ရောင်းချသည့် နိုင်ငံတကာအဆင့်မီ ညဈေးတန်းတစ်ခုဖြစ်လာစေရန်နှင့် အများပြည်သူအတွက် လုံခြုံ စိတ်ချရသည့် လမ်းလျှောက်အပန်းဖြေရာနေရာ များဖြင့် ဆောင်ရွက်လျက်ရှိသည်။

ကုမ္ပဏီအနေဖြင့် ဆိုင်ခန်းများ ခင်းကျင်း ရောင်းချရာတွင် ၈ ပေ ပတ်လည်ဆိုင်ခန်းများ၊ (၆ x ၈) ပေ ဆိုင်ခန်းများ၊ ၁၀ ပေ ပတ်လည် ဆိုင်ခန်းများ၊ (၂၀ x ၈) ပေ ကွန်တိန်နာဆိုင်ခန်း များ၊ (၄၀ x ၈) ပေ ကွန်တိန်နာဆိုင်ခန်းများ ကို တစ်လငှားရမ်းခအဖြစ် ဈေးနှုန်းများ သတ်မှတ်ကာ ကောက်ခံငှားရမ်းပေးလျက် ရှိသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျှော့ချထား နိုင်ချိန်၊ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူရန် အားယူစပြုချိန်၊ မြို့နယ်ရပ်ကွက်များအတွင်းရှိ လမ်းဘေး ဈေးသည်များ စတင်ပေါ်ထွက်စပြုချိန်၊ မိုးဥတု အကုန်ပွင့်လင်းရာသီရောက်စပြုချိန်တို့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ရန်ကုန်သူ ရန်ကုန်သားများ အားလုံး ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော်နိုင်ပါက စည်ကားသိုက်မြိုက်စွာ တွေ့မြင် ရမည့် ရန်ကုန်မြို့ ကမ်းနားလမ်း ညဈေးတန်း ကို မကြာခင် မြင်တွေ့ခွင့်ရမည်သာ ဖြစ်ပေ တော့သည်။ ။

ရှင်နော်

#မြန်မာ့အလင်း

#CleanYangon

#CleanMyanmar