အောင်ဆန်းကွင်းကို နိုင်ငံတကာ အဆင့်မှီ အားကစားကွင်းကြီးအဖြစ် ပြန်ပြင်တည်ဆောက်မည်

အောင်ဆန်းကွင်းကို နိုင်ငံတကာ အဆင့်မှီ အားကစားကွင်းကြီးအဖြစ် ပြန်ပြင်တည်ဆောက်မည်

ရန်ကုန်မြို့ သမိုင်းဝင် အောင်ဆန်းအားကစားကွင်းကြီးကို နိုင်ငံတကာစံနှုန်းနှင့်အညီ ခေတ်မီကားပါကင်များပါဝင်သော အားကစားကွင်းကြီးအဖြစ် ခမ်းနားစွာ ပြန်လည်ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတွင် ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်ကပြုလုပ်သော အောင်ဆန်းကွင်းအဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် (၁၆) ခုတင် ဆံ့၊ (၂၅) ခုတင်ဆံ့ ပြည်သူ့ ဆေးရုံများ ဗိသုကာပြိုင်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

မြန်မာနိုင်ငံ၏ အထင်ကရ အားကစားကွင်းတစ်ခု ဖြစ်သော အောင်ဆန်း အားကစား ကွင်းကို ခေတ်စနစ်နှင့်အညီ ပြန်လည် ပြုပြင်အသုံးပြုနိုင်ရေးတွင် အဆောက် အအုံများ ကြံ့ခိုင်မှု ရှိ/မရှိ ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆောက်အဦ ဦးစီးဌာနမှစစ်ဆေးခဲ့ရာ ၇၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုမရှိ၍ အသုံး ပြုရန် မသင့်တော်ကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဆိုပါကွင်းကြီး ခမ်းနားစွာ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးအတွက် ပုံစံသစ်ဒီဇိုင်းရရှိနိုင်ရေးတွင် ပြိုင်ပွဲပြုလုပ်နိုင်ရေး ပညာရှင်များမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် ယင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်တို့၏ သတ်မှတ်ချက်စံများနှင့် ကိုက်ညီစေရေး၊ စီးပွား ရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နိုင်မှု အခွင့်အရေးရရှိရေး၊ တည်ဆောက်ပြုပြင် ပြီးစီးပါက ပြည် သူများအတွက် အကျိုးပြုမှုရရှိစေရေး၊ နိုင်ငံတကာစံနှုန်းနှင့်အညီ ခေတ်မီကားပါကင်များ၊ စျေးဆိုင်များ စနစ်တကျရှိစေရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအား (BOT) စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြောင်း သိရသည်။

“သူတို့ အဓိကဆွေးနွေးတဲ့အထဲမှာ ကားပါကင်ပေါ့။ အရင်တုန်းကလို မဟုတ်တော့ဘူး။ ကားပါကင်ကလည်း အဓိကကျတယ်။ ဘောလုံးပွဲလာကြည့်တဲ့သူတွေရဲ့ ကားတွေထားဖို့အတွက် ကားပါကင်တွေကလည်း လိုတာပေါ့။ သူတို့လည်း စဉ်းစားမှာပေါ့။ နိုင်ငံခြားက ခေတ်မီတဲ့ကွင်းတွေလည်းရှိပါတယ်။ Bernabeu ကွင်းတွေ ဘာတွေကြည့်ပြီးတော့ သူတို့ထက်သာတဲ့ ကွင်းတွေဆွဲပေါ့။ ဒါကိုလည်း တာဝန်ရှိသူတွေ ဒီဇိုင်းဆွဲဖို့ လုပ်မှာပေါ့။ အစ်ကိုတို့ကလည်း အကောင်းဆုံးဖြစ်ချင်တာပေါ့။ ရန်ကုန်တိုင်းမှာ ကွင်းအကြီးတွေ ခန့်ခန့် ညားညားတွေ လိုချင်တာပေါ့။ အောင်ဆန်းကွင်း ပြေးလမ်းဆိုရင်လည်း ဘာမှ သုံးလို့မရ တော့ဘူး။ အောင်ဆန်းကွင်းက ပွဲကြည့်စင်တွေလည်း မကောင်းတော့ဘူး။ အိမ်သာတွေ ၊ မိလ္လာစနစ်တွေလည်း အများကြီး ပြန်လုပ်ရမှာပါ”ဟု အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

အောင်ဆန်းအားကစားကွင်းပတ်လည်တွင် ပုဂ္ဂလိကသို့ငှားရမ်းထားသည့် ဆိုင်ခန်းပေါင်း ၃၂၁ ခန်းရှိနေပြီး ကွင်းပတ်လည်တွင် ကားလက်မှတ်အရာင်းဂိတ်များ၊ ဆိုင်ခန်းများဖြင့် အမြင်မတင့်တယ်ဖြစ်နေကြောင်း အင်ဂျင်နီယာပညာရှင်များက အကြံပြုထားကြောင်း သိရသည်။

၂၀၁၈-၁၉ ခု၊ဘဏ္ဍာရေးနှစ် ရငွေစာရင်းအရ ဆိုင်းခန်းများ၏ ၁ နှစ်ငှားရမ်းခရငွေမှာ ကျပ်သိန်း ၄၈၀ ကျော်သာရှိသည့်အတွက် ငှားရမ်းခတိုးမြှင့်ကောက်ခံရန် လွှတ်တော်အစည်းအဝေးများတွင် ထောက်ပြခဲ့ကြသည်။

Credit : လင်းလင်းအောင်

#popolay #popolaytv #news #အောင်ဆန်းကွင်း #ရန်ကုန်