ပန်းသီတဲ့ကြိုးလေးများနဲ့ စကားပြောဆိုခြင်း( ၁)

ပန်းသီတဲ့ကြိုးလေးများနဲ့ စကားပြောဆိုခြင်း( ၁)

ရွံတာပေါ့အကိုရာ အလုပ်ဝင်ပြီးတော့ ရေပုတ်မြောင်းထဲဆင်းပြီး အမှိုက်တွေကောက်ခိုင်းတော့ ချက်ခြင်းမဆင်းချင်ဘူး။ အလုပ်ဆိုတဲ့အသိစိတ်နဲ့ ဆင်းဖြစ်သွားတာပေါ့။ နံလိုက်တာ အကိုရေ ပျို့ပျို့တက်လာတယ် များသလားမမေးနဲ့ ကျွတ်ကျွတ်အိတ်တွေရော ရေသန့်ဗူးခွံတွေရော ဘာမှန်းမသိတဲ့ဟာတွေရော မြန်မြန်သိမ်းပြီးရင်မြန်မြန်မြောင်းပေါ်တက်ရမှာဆိုတဲ့ အတွေးနဲ့ ကောက်သိမ်း မြောင်းပေါ်ကိုတင်ပေါ့။ ဒါပေမယ့်မြောင်းပေါက်ရဲ့အလယ်မှာတစ်ဆို့နေတာကိုဖယ်မှ ရေစီးကောင်းမှာတာဝန်ကျေမှာပေါ့နော်။ အဲ့ဒိဟာတွေကိုဆွဲထုတ်ဖို့ ရေငုတ်ပြီးလုပ်ရပါလိမ့်မယ်။ အမှန်အတိုင်းပြောရင်မလုပ်ချင်ပါဘူး။ တကိုယ်လုံးလဲ ယားနေပြီ ကုတ်ချိန်မရှိပါဘူး အကိုကြီးရေ နောက်ဆုံးအသက်ကိုဝအောင်ရှူ မြောင်းပုတ်လေတွေပေါ့။ ရေငုတ်ပြီးတစ်ဆို့နေတာတွေဆွဲထုတ်လိုက်တော့ ရေခဲသေတ္တာဟောင်းနဲ့ ဆိုဖါဟောင်းတွေပါ ခေါင်းရေပေါ်ပေါ်တော့ အသက်ရှုလိုက်တာ ပါးစပ်ထဲဝင်တဲ့ရေတွေရဲ့ အရသာက တော်တော်ဆိုးပါတယ်။ တခါတခါလုပ်နေရင်းမျက်ရည်ကျမိပါတယ်။ အကိုကြီးရေ အမေ့ကိုအရမ်းသတိရတယ်။ ပညာတတ်ကြီးဖြစ်စေချင်တဲ့အမေ ပညာတတ်ရင် အမေတို့ ခုလိုဆင်းဆင်းရဲရဲနေရမှမဟုတ်ဘူးလို့ တဖွဖွပြောခဲ့ဘူးတဲ့အမေ။ နာဂစ်မှာဘဝခြားခဲ့ရပါတယ်။ အဲ့ဒိတုန်းက ကျနော်ကငယ်သေး ကံကောင်းလို့မသေခဲ့တာ တခါတခါလေ အဲ့ဒိတုန်းကတည်းက သေခဲ့ရင်ကောင်းမှာပဲလို့တွေးမိပါတယ်။ ရှက်ရွံ့အားငယ်စိတ်တွေတအားဖြစ်တာပေါ့။ မတတ်နိုင်ဘူးလေ လုပ်ရတာပါပဲ။ စဉ်းစားမရနိုင်တာက ရေမြောင်းကို အမှိုက်မြောင်းလိုသဘောထားပြီး အမှိုက်တွေပစ်နေတာကိုပါ။ ပညာမဲ့တော့အလုပ်ထွက်ပစ်လိုက်ချင်ပေမယ့် အလုပ်က နေစရာအိမ်ပေးထားတယ်။ အကို ရန်ကုန်မှာနေဘို့ခက်တယ်။ ကျနော့်မှာ သားတယောက်လဲရှိနေပါပြီ။ ကျနော့်လို မဖြစ်စေချင်ဘူးအကိုကြီးရာ ကျနော်တို့ အတွက် အားတက်စရာဖြစ်စေခဲ့တာလေးပြောဦးမယ်။ တနေ့ အဖွဲ့တဖွဲ့ရောက်လာတယ်။ ဦးဆောင်လာသူက မှဲ့ကြီးနဲ့ဗျ မျက်နှာဖေါင်းဖေါင်း( Clean Yangonက ကိုဇေယျာထွန်းကိုရည်ရွယ်ပုံရပါတယ်) သူနဲ့အတူ လူငယ်လူလတ်တွေအများကြီးပါလာတယ်။ အကိုကြီးရေ ပြောရဦးမယ် တချို့ ဆို တော်တော်ချောသဗျ ( ဘော်ဒါကြီးကိုဇေယျာထွန်းကိုဆိုလိုပုံမရပါဘူး တကယ်ကသူ့ကိုပြောတာပါ ကျနော့်အထင်ပါ) အသားအရေကလဲဖြူနုနေတာပဲ။ မင်းသား မင်းသမီးတွေလိုပဲ အရမ်းအံ့သြသွားတယ်။ သူတို့အဖွဲ့က မရွံမရှာနဲ့ မြောင်းထဲဆင်းပြီးအမှိုက်တွေ မရှက်မကြောက်၊ မရွံမရှာ၊ ပျော်ရွှင်စွာကောက်နေကြတာလေ ကျနော်တို့တကယ်ပဲသိမ်ငယ်စိတ်တွေပျောက်ပြီး အားတက်မိပါတယ်။ အဲ့ဒီ့အကိုကြီးတို့အဖွဲ့ကိုလဲ အရမ်းကျေးဇူးတင်မိ၊ အားတက်မိပါတယ်။ နောက်ဆုံးအကိုကြီးရေ အမှိုက်ကောက်ရတာက ရှက်စရာမဟုတ် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာတာရှက်စရာလို့ တွေးမိပါတယ်။ တခဏတာ အဝေးကိုခပ်တွေတွေလေးကြည့်နေရင်းက မျက်ရည်ကြည်တွေရစ်ဝိုင်းနေတဲ့ မျက်ဝန်းအစုံနဲ့ အမေ့ကို အရမ်းသတိရနေတယ်။ အကိုကြီးရေ ကျနော့်သားကိုတော့ ကျနော့်လို မဖြစ်စေချင်ဘူးဗျာ . . .တဲ့။ Clean Yangon နှင့်ပရဟိတ အဖွဲ့များ စည်ပင်သာယာက ပန်းသီတဲ့ကြိုးလေးများကို လေးစားဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းငယ်တဦးရဲ့ ရင်ဖွင့်သံကိုမှတ်တမ်းပြုရင်းမှတ်တမ်းတင်လိုက်ပါတယ်။ ဓါတ်ပုံမှတ်တမ်းဆရာတွေကိုလဲ ကျေးဇူးတင်ပါတယ်။ #ရန်အောင်