Zero Waste ဆိုတာဘာလဲ...ဘာလို့ Zero Waste Lifestyle နေသင့်သလဲ

ခုနောက်ပိုင်းမှာ ကမ္ဘာမှာရော မြန်မာမှာပါ ခေတ်စားလာတဲ့ စကားလုံးက Zero Waste ဆိုတဲ့ စကားပါ.. စွန့်ပစ်ပစ္စည်းမရှိ ပေါ့လေ.. ဖွံ့ဖြိုးပြီးသောနိုင်ငံကြီးတွေမှာတော့ ဒီစကားလုံးက ၂၀၀၀ ခုနှစ်တွေကတည်းက စပြီး ခေတ်စားလာ လှုပ်ရှားလာပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီ ၂ နှစ် အတွင်းမှာမှ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်လို့ ထင်ရတယ်.. ကိုယ်တိုင်လည်း အရင်ကတည်းက နည်းနည်းပါးပါးအသိနဲ့ လုပ်ခဲ့ပေမယ့် ဒီ ၄ နှစ် ၅ နှစ်အတွင်းမှာမှ ပိုပြီး လေ့လာဖြစ်တယ်.. ဆိုတော့ ကျယ်ပြန့်မှုကြီး ပိုကြီးထွားလာအောင်ရယ် မသိသေးသူတွေလည်း သိအောင်ရယ် ဒီ Zero Waste ဆိုတာဘာလဲလို့ နည်းနည်းမိတ်ဆက်ပေးပါမယ်.. (စာတော့ရှည်ပါတယ်.. ဒါပေမယ့် တစ်ပို့စ်ထဲမှာ တစ်စုတစည်းထဲဖြစ်စေချင်လို့ ခွဲမရေးတော့ပါဘူး..) . Redesign, Reuse, Rethink, Refuse, Reduce and Recycle ဆိုတာတွေကတော့ Zero Waste ရဲ့ အဓိက စကားလုံးများဖြစ်ပါတယ်.. သူ့ရဲ့ ရည်ရွယ်ချက်ကတော့ လူတွေက စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေ အမှိုက်တွေ ဓာတုဆေးရည်တွေ မြေပေါ်ပစ်ရတာနည်းအောင် ရေထဲရောက်ရှိမှု လျော့အောင်၊ လူတွေသုံးဖို့ပစ္စည်းတွေ ထုတ်လုပ်ရာက ထွက်လာမယ့် စက်ရုံမီးခိုးတွေ လေထုထဲ တတ်နိုင်သလောက် မရောက်ရှိအောင် လုပ်ဆောင်ကြတဲ့ လုပ်ဆောင်မှုပါပဲ.. တစ်နှစ်တစ်နှစ်တိုင်းမှာ တန် သန်းပေါင်းများစွာသော ပလပ်စတစ်အမှိုက်တွေဟာ မြေကြီးထဲနဲ့ ပင်လယ်သမုဒ္ဒရာထဲကို စွန့်ပစ်ခံနေရပါတယ်.. အဲ့ဒီ အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ကုန်းသတ္တဝါ ရေသတ္တဝါတွေ အများကြီး သေကျေပျက်ဆီးရတယ်.. အကျိုးဆက်အနေနဲ့ လူတွေ အစာရေစာရှားပါးလာတာအပြင် ရေစီးကြောင်းပြောင်းတာ အပူအအေးမမျှတာတွေ အဆိပ်သင့်မှုတွေ ဖြစ်လာရပါတယ်.. အဓိကအန္တရာယ်ကြီးမားပြီး မြင်သာနေတာက ပလပ်စတစ်အမှိုက်ပြဿနာ ဆိုပေမယ့်လို့ အဲ့ဒီတစ်ခုထဲတော့လည်း မဟုတ်ပြန်ပါဘူး.. အခြားသော လူတွေရဲ့ စွန့်ပစ်အမှိုက်တွေ မြေကြီးထဲ စုပုံလာခြင်းအားကြောင့် မြေဆီလွှာတွေ ပျက်ဆီးတာ မြေအောက်ရေတွေညစ်ညမ်းတာတွေ အပြင် အမှိုက်တွေရဲ့ ဓာတ်ပြုမှုတွေကြောင့် မြေကြီးကနေ ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်တွေ ပြန်ထွက်လာပါတယ်.. အဲ့ဒီ ဓာတ်ငွေ့တွေက ခုခေတ်မှာ အဓိကဖြစ်နေတဲ့ ကင်ဆာရောဂါတွေနဲ့ ကူးစက်ရောဂါတွေရဲ့ ရင်းမြစ်ဖြစ်တယ် ဆက်စပ်မှုရှိတယ်ဆိုတာကို လေ့လာမှုတွေ အားလုံးက သက်သေပြထားပြီးသားပါ.. . ဆိုတော့ Zero Waste Lifestyle ဆိုတာ ခေတ်စားလာပါတယ်.. စွန့်ပစ်ပစ္စည်းကင်းရှင်းအောင် နေထိုင်ခြင်းလို့ ပြောရမလားပေါ့.. သူ့ရဲ့ အဓိကအချက်ကြီးတွေကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း Redesign ကနေ စပါတယ်.. ပစ္စည်းတစ်ခုကို စတင်ပြီးထုတ်လုပ်ကတည်းက နောက်ထပ်အခြားသော ပုံစံတမျိုးနဲ့ ပြန်သုံးလို့ရအောင် ဒီဇိုင်းကို စဉ်းစားပြီး ထုတ်တာမျိုးပေါ့.. ခုနောက်ပိုင်း ထုတ်ကုန်လုပ်ငန်းတွေကလည်း ဒါကို အထူးတလည်စဉ်းစားပြီး လုပ်လာကြတဲ့အပြင် ကိုယ်တိုင်လည်း တစ်နိုင်တစ်ပိုင် ဒါမျိုးလုပ်လို့ရနိုင်တာတွေရှိပါတယ်.. Redesign and Reuse က မြန်မာလူမျိုးတွေနဲ့ကတော့ မစိမ်းပါဘူး.. အရင်ကတည်းက အဖေ့ပုဆိုး ဟောင်းရင် ပုခက်ဖြစ်တဲ့ လူတွေဆိုတော့လေ.. အိုဗာတင်းဖန်ပုလင်းတွေကို ပဲကြော်ထည့်သုံးတာတို့.. အရက်ပုလင်းကို သောက်ပြီး မပစ်လိုက်ဘဲ ပြန်ဆေးပြီး ရေနံဆီထည့်တာတို့ အစရှိတာတွေပေါ့.. . နောက်တစ်ခုက Rethink ပါ.. ပြန်စဉ်းစားဖို့ပေါ့.. တစ်ခုခုဆိုရင် ဒီဟာ ငါလိုလို့လား တကယ်ဝယ်သင့်သလားဆိုတာကို အမြဲ ပြန်စဉ်းစားဖို့ပါ.. ပန်းကန်ဆေးဖော့ ဝယ်ခါနီး ဒါဝယ်မယ့်အစား သပွတ်အူပဲ သုံးရင် ကောင်းမလားလို့ စဉ်းစားလိုက်တာမျိုးပေါ့.. ငါ ပိုက်ဆံရှိတာပဲ ဘာဖြစ်လဲ ဝယ်တော့ ဆိုတာမျိုးမဟုတ်ဘဲနဲ့.. ဒီပစ္စည်းကို မလိုဘဲဝယ်လိုက်ခြင်းအားဖြင့် ပစ္စည်းထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းကနေ စပြီး စက်ရုံလည်ပတ်တဲ့အခါ သုံးစွဲတဲ့ စွမ်းအင်တွေ စက်ရုံကနေ ထွက်လာတဲ့ ရေဆိုးရေညစ်နဲ့ ဓာတုစွန့်ထုတ်မှုတွေအစရှိတဲ့ ကမ္ဘာကြီးအတွက် မကောင်းတဲ့ waste ကို တသီတစ်တန်းကြီး စဉ်းစားမိသွားတဲ့အခါ တော်ရုံလိုနေတာတောင် မဝယ်ဘဲ ပြန်ချထားခဲ့မိမှာသေချာပါတယ်.. “ဒါလေးတစ်ခုအတွက်နဲ့များ” လို့ မတွေးပါနဲ့.. ဒီလိုလျှော့ချမှုတွေကို တစ်ယောက်ချင်းစီကနေ လုပ်လာရင်း လုပ်လာရင်းနဲ့ ရေရှည်ကျတော့မှ အကျိုးကို သိလာရမှာဖြစ်လို့ပါ.. အိတ်လိုနေတာကို ပြန်စဉ်းစားမိရင်း “မဝယ်တော့ပါဘူးလေ အိမ်က တီရှပ်အဟောင်းကို အိတ်ဖြစ်အောင် ချုပ်လိုက်မယ်”ဆိုတာမျိုးလေး စဉ်းစားပြီး သုံးစွဲရင်လည်း ရတာပဲမဟုတ်လား.. . ပြီးတော့ ဆက်တိုက်လာတာက Refuse and Reduce ပေါ့.. ငြင်းပါ.. ကျွတ်ကျွတ်အိတ်တွေကို ငြင်းပါ.. တစ်ခါသုံး ပလပ်စတစ်ပိုက်တွေကို ငြင်းပါ.. ဝါးတူတွေ ဖော့ဘူးတွေကို ငြင်းပါ.. တစ်ခါသုံး ရေသန့်ဗူးတွေကို ငြင်းပါ.. ငြင်းပယ်ခြင်းအားဖြင့် လျှော့ချသွားကြပါမယ်.. ကျွတ်ကျွတ်အိတ်တွေအစား ဈေးဝယ်တဲ့အခါ အဝတ်အိတ်တွေ ခြင်းတွေကို သုံးပါ.. ဒါမှမဟုတ် တစ်နိုင်တစ်ပိုင်ပစ္စည်းဆိုရင် လက်ကနေ ကိုင်သွားလို့လည်းရပါတယ်.. ပိုက်တွေ ဝါးတူတွေ အစား ဒီတိုင်းခွက်နဲ့ မော့သောက်လုို့ရတယ် တူမသုံးဘဲ ခက်ရင်းတွေ ဇွန်းတွေနဲ့ စားလို့ရတယ်.. တစ်ခါသုံး ပလပ်စတစ် ဇွန်း ခက်ရင်း ဓား ဗူးခွက် ပန်းကန် အကုန်လုံးကို မသုံးဘဲ နေနိုင်ဖို့ ငြင်းပယ်ရပါမယ်.. ခုနောက်ပိုင်း ကိုယ်ကတော့ အပြင်သွားရင် အိတ်ထဲမှာ ကော်ဖီဓာတ်ဗူး ပါတယ် - ကော်ဖီခနခနဝယ်သောက်တတ်သူဆိုတော့ ဆိုင်ကပေးတဲ့ ပလပ်စတစ်နဲ့ တစ်ခါသုံး ဗူးတွေမယူချင်လို့ တကူးတက သယ်ရတယ်.. စတီးလ် ဇွန်း ခက်ရင်း တူ တစ်စုံကို ဗူးလေးနဲ့ထည့်ပြီး သယ်တယ်.. လိုရင်သုံးဖို့လေ.. ပလပ်စတစ်ပိုက်တွေ မသုံးချင်တော့ ခေါက်ချိုးလို့ရတဲ့ သံပိုက်ကလေးကို ဆောင်ထားတယ် - လိုအပ်ရင် ထုတ်သုံးဖို့.. ပြန်ပြန်ဆေးပြီး သုံးတဲ့ ထမင်းဗူးလေးတစ်ခု အမြဲဆောင်ထားတယ် - မုန့်တွေဘာတွေ ပါဆယ်ဝယ်စားရင် ပလပ်စတစ်အိတ်တွေ ဖော့ဘူးတွေနဲ့ မယူချင်လို့.. ဈေးဝယ်ဖို့ ချည်အိတ်ကြီးကြီး ၂ လုံးလောက် အမြဲပါတယ် - ဆိုင်တွေက ပေးတဲ့ ကြွပ်ကြွပ်အိတ်မယူချင်လို့.. အလုပ်ရှုပ်တယ်လို့ ထင်ရပေမယ့် နေထိုင်ရာ ကိုယ့်ကမ္ဘာကြီး မကျန်းမာလို့ ကိုယ်ပါရောဂါတွေ ထူပြောရမယ့် အဖြစ်ထက်စာရင်တော့ အလုပ်ရှုပ်ရတာ တန်ပါတယ်လို့ တွေးရမှာပေါ့.. . Recycle ဆိုတာကတော့ အသွင်ပြောင်းပြီး ပေါင်းစပ်ပြန်လည်အသုံးပြုတာမျိုးပေါ့နော်.. ဥပမာ- ပလပ်စတစ် ဘူးဟောင်းခွက်ဟောင်း ကော်ဖီခွက်အဟောင်းတွေကို ပြန်ပြီး ကျိုလိုက် ပြီးတော့ သန့်စင်ပြီးတော့ သွားပွတ်တံလက်ကိုင်တွေ ပြန်လုပ်တာမျိုးတို့ (Jorden သွားတိုက်တံတံဆိပ် မှာရှိ).. အဝတ်အထည်အဟောင်း ကော်စိအဟောင်းတွေ ပြန်ပေါင်းစပ်ပြီးတော့ ဖိနပ်ပြန်ထုတ်တာမျိုးတို့ (nike ဖိနပ်တံဆိပ်မှာရှိ).. အဲ့သလို recycle လုပ်ရတာက ဈေးလည်းကြီး အလုပ်လည်းရှုပ်လို့ တကယ်တမ်းမှာ စွန့်ပစ်ပလပ်စတစ်တွေရဲ့ ၉ % ကိုပဲ တကယ် recycle လုပ်ကြတယ်လို့တော့ စစ်တမ်းတွေအရ သိရတယ်ပေါ့.. recycle လုပ်ရတယ်ဆိုတာကလည်း စကတည်းက သုံးကြလို့ စွန့်ပစ်နေလို့ လုပ်ရတာပဲ မဟုတ်လား.. ဆိုတော့ လုပ်ဖို့မလိုအောင် စကတည်းက တတ်နိုင်သလောက် မသုံးကြရင် လျှော့ကြရင်တော့ အကောင်းဆုံးပါပဲ.. . ဒါတွေက zero waste lifestyle ရဲ့ အခြေခံအဆင့်တွေပေါ့နော်.. ဒါတွေလုပ်ဖို့ကို အထူးတလည်ကြီး စတင်ဖို့လည်း မလိုပါဘူး.. တစ်ချို့က တစ်ခါသုံးပစ္စည်းတွေ မသုံးသင့်ဘူးဆိုတဲ့ စိတ်နဲ့ ကော်ဖီဗူးတွေ ထမင်းဗူးတွေ ဈေးဝယ်အိတ်တွေ အသစ်တွေဝယ်ကြပြန်တယ်.. အဲ့သလိုလည်း မဟုတ်ဘူး.. တတ်နိုင်သလောက်တော့ ကိုယ့်မှာ ရှိပြီးသားပစ္စည်းတွေနဲ့ပဲ ဖြစ်အောင် သုံးတဲ့အကျင့်ကို ကျင့်မှ တကယ် zero waste ဖြစ်မှာပါနော်.. ခေါင်းအုံးစွပ်အဟောင်းတွေ အိပ်ရာခင်းအစုတ်တွေကို ဖြတ်တောက်ညှပ်ကပ်ပြီး ဈေးဝယ်အိတ် ပြန်လုပ်ရင်ရော မရဘူးလားပေါ့.. တကယ်ကို မဖြစ်မနေဆိုမှ အသစ်ဝယ်တာ အကောင်းဆုံးပါပဲ.. ပြီးတော့ မဖြစ်လုို့ ဝယ်ရတော့မယ်ဆိုရင်လည်း zero waste lifestyle သမားတွေလုပ်ကြတဲ့ အဟောင်းပြန်ဝယ်တဲ့ အကျင့်ကို တိုက်တွန်းချင်ပါတယ်.. တစ်ယောက်ယောက်ပိုနေတဲ့ ပရိဘောဂကို ကိုယ်က အသုံးတည့်မယ်ဆို ပြန်ဝယ်လိုက်ခြင်းအားဖြင့် ပရိဘောဂတစ်ခုအတွက် ပြုန်းတီးသွားတဲ့ သစ်ကိုချွေတာရာ မရောက်ဘူးလား.. မတော်တော့လို့ ရောင်းထုတ်လိုက်တဲ့ ဘေထုပ်အဝတ်အစားတွေကို ကိုယ်နဲ့တော်ရင် ကြိုက်ရင် လိုရင် ပြန်ဝယ်လိုက်ပြီး သေချာပြန်လျှော်ဖွပ်ပြီး ဝတ်လိုက်တာမျိုးကလည်း အဝတ်အထည်တစ်ခု ထုတ်လုပ်မှုအတွက် ပြုန်းတီးသွားမယ့် ချည်တွေ လုပ်အားတွေ စွမ်းအင်တွေကို ချွေတာရာ ရောက်တယ်လေ.. ပြီးတော့ အဟောင်းတွေ ဝယ်သုံးတာက ဈေးလည်းသက်သာတော့ ငွေလည်းချွေတာပြီးသားဖြစ်တယ်.. . စစချင်းမှာ ကျင့်သားမရသေးတာရယ် မြန်မာနိုင်ငံမှာ တချို့ သောကိစ္စတွေကို နားလည်လက်ခံဖို့ ခက်နေသေးလို့ အူကြောင်ကြောင်ဖြစ်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်.. ဘယ်လိုဟာလဲ ပြောရရင် ရန်ကုန်မြို့က နာမည်ကြီးကော်ဖီဆိုင်တစ်ခုမှာ ပလပ်စတစ်လျှော့ချမှုကို အားပေးတဲ့အနေနဲ့ ကိုယ့်ကော်ဖီဗူးနဲ့ ကိုယ်လာဝယ်ရင် ကျပ် ၂၀၀ လျှော့ပေးပါတယ်.. ဒါပေမယ့် သူတို့ဆီက အရင်က ထည့်ပေးတဲ့ ကော်ဖီအေးဗူးအမာ နဲ့ ပြန်လာဝယ်ရင်တော့ မလျှော့ပေးပါဘူးတဲ့.. တကယ်က ရည်ရွယ်ရင်းက ပလပ်စတစ် ဗူးအသစ်တွေ မသုံးဘဲ လျှော့ချင်တာမဟုတ်ဘူးလား.. ဗူးယူလာရင် ဘယ်လိုမဆို လျှော့ပေးသင့်ပေမယ့် အဲ့လိုလည်း မဟုတ်ဘူးတဲ့.. ဒါပေမယ့် ထားပါတော့ သူတို့က လျှော့ပေးပေး မပေးပေး ကိုယ်ကတော့ သွားရင် ကြုံသလိုပဲ အရင်က ဗူးအဟောင်းလေးတွေလည်း တခါတလေ ယူသွားပါတယ်.. အဲ့သလို ယူသွားရင် ဆိုင်ဝန်ထမ်းတွေက “ဒါနဲ့ဆိုရင် ကျပ် ၂၀၀ မလျှော့ပေးပါဘူး.. ဒီတော့ ဗူးအသစ်ပဲ ယူမလား”လို့ ပြန်မေးတဲ့အခါ အရမ်းစိတ်ပျက်ရတယ်.. ပလပ်စတစ် ဗူးအသစ် အသစ်တွေ ထပ်ထပ် မလိုချင်လို့မှ သေချာဆေးကြောပြီး တကူးတက ပြန်ယူလာရတာကို သူတို့ကိုယ်တိုင်က ရည်ရွယ်ချက်ကို မသဲကွဲဘဲ ဖြစ်နေတာမျိုးတွေပေါ့.. ဒီလိုအဖြစ်တွေ အကြံဉာဏ်တွေ နည်းစနစ်တွေကို မျှဝေပေးနေတဲ့ zero waste ဂရုတွေ ဖေ့စ်ဘုတ်ပေါ်မှာလည်း အများကြီး ရှိနေပြီမို့လို့ စိတ်ဝင်စားရင် ဂရုတွေထဲမှာ ဝင်လို့ရပါတယ်.. သူများတွေ ဘယ်လိုလုပ်လဲ ကိုယ်ရော ဘယ်လိုလုပ်လဲ အချင်းချင်း ပြောကြ မေးကြလို့ရတာပေါ့.. . တချို့ နိုင်ငံအကြီးတွေမှာတော့ ခုဆိုရင် bulk buying နဲ့ refill လို့ခေါ်တဲ့ စနစ်တွေ တချို့သော ကုန်ပစ္စည်းတွေမှာ ရနေပါပြီ.. ဘယ်လိုလဲဆိုတော့ ကိုယ့်အိမ်က ခေါင်းလျှော်ရည်ဗူးအဟောင်းကို ပြန်ယူလာပြီး သူ့သက်ဆိုင်ရာ ကောင်တာမှာ refill ပြန်ဖြည့်ဝယ်တာမျိုးပေါ့.. အဲ့လို ဝယ်ခြင်းအားဖြင့် ခေါင်းလျှော်ရည်တို့ ဆပ်ပြာတို့လို့ ပလပ်စတစ်ကော်ဗူးနဲ့ ထည့်တဲ့ ပစ္စည်းတွေရဲ့ ထုပ်ပိုးမှုတွေ လျော့သွားတယ်.. ဒါမှမဟုတ် ဂါလံလိုက်ဝယ်ထားပြီး ကိုယ့်ဗူးဟောင်းထဲ ပြန်ပြန်ဖြည့်သုံးတာမျိုး လုပ်လို့လည်းရတယ်.. ခုဆို ဆပ်ပြာရည်ဗူးအစား ပလပ်စတစ် ထုပ်ပိုးမှုမပါတဲ့ ဆပ်ပြာတုံးကို သုံးကြဖို့ တိုက်တွန်းလာကြတယ်.. သွားတိုက်ဆေးတောင့်တွေအစား ဝါးလိုက်ရတဲ့ သွားတိုက်ဆေးအခဲတွေကို သုံးဖို့ ပြောင်းလာကြတယ်.. ဝယ်ယူတဲ့လူတွေက ငြင်းပယ်ရင် တောင်းဆိုရင် (market demand) ရှိလာရင် ရောင်းတဲ့ ကုန်ပစ္စည်းက လိုက်ပြောင်းလဲလာပါလိမ့်မယ်.. ဒီတော့ ကိုယ်တွေက ခုကစပြီး ငြင်းဖို့ လျှော့ဖို့ အစားထိုးဖို့ အကျင့်ကလေးကို စတင်ကြည့်ကြရအောင်ပါ.. ကမ္ဘာကြီးဟာ မိဘဆီက အမွေရလိုက်တဲ့ ပစ္စည်းမဟုတ်တဲ့အတွက် ထိုင်ပြီး ဖဲ့စားဖို့ချည်းပဲ တွေးနေလို့ မရပါဘူးနော်.. မူးစုပဲစု စုရမယ့် ငွေစုစာရင်းလိုပဲ ကိုယ်တွေ တတ်နိုင်တာကို နည်းနည်းစီဖြည်းဖြည်းစီ ဒါပေမယ့် တစိုက်မတ်မတ်နဲ့ စု စု ထည့်မှ ကိုယ့်ရဲ့ သားသမီး မြေးမြစ်တွေလက်ထက်မှာ ဘဏ်တိုးတွေ ပွားလာပြီး ကျန်းမာတဲ့ သယံဇာတတွေပေါတဲ့ သန့်ရှင်းတဲ့ ကမ္ဘာကြီးပြန်ဖြစ်လာမှာ ဖြစ်ပါတယ်.. .

Randon of #NangNyi #ZeroWasteLifestyle #GoZeroWaste #WhatisZeroWaste #WhyZeroWaste #Reduce #Reuse #Recycle #Refuse #NoPlastic