လောကကြီးကို အလှဆင်ပါ

သစ်ပင်တို့သည် လောကကြီးကို အလှဆင်ကြသည့် သဘာဝအဆင်တန်ဆာဖြစ်သလို လူသားနှင့် တကွသော သတ္တလောကကြီး တခုလုံးတို့၏ မှီခိုအားထားရာလည်း ဖြစ်ပါသည်။ သာမာန်အားဖြင့် ကြည့်လျှင် သစ်ပင်တို့၏ အကျိုးပြုမှုသည် မထင်ရှားသော်လည်း အမှန်စင်စစ် သစ်ပင်သည် တစ်ဦးတစ်ယောက်အတွက် သာမက ပတ်ဝန်းကျင် လောကကြီးတခုလုံး အတွက်ပါ အကျိုးများစွာ ပြုနေသည်ကို တွေ့ရပေလိမ့်မည်။ သတ္တဝါတို့၏ ရှင်သန်မှုသည် သစ်ပင်တောတောင်တို့နှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ သစ်ပင်သည် လောကကြီးကို များစွာ အကျိုးပြုသည်ဖြစ်၍ အများ၏ အားကိုးအားထားရာ ဖြစ်သောကြောင့် "သစ်တစ်ပင်ကောင်း ငှက်တသောင်းတောင် နားလို့ရသည်"ဟုပင် ပြောစမှတ်ပြုကြပါသည်။

လူတို့၏ စားစာရာ၊ နေစရာ၊ ထိုင်စရာ ဝတ်စရာတို့မှ စ၍ အသုံးအဆောင် အားလုံးနီးပါးသည် သစ်ပင်တို့မှ ထုတ်လုပ်၊ ရရှိသော ထုတ်ကုန်များဖြစ်ပါသည်။ လူသားတို့သည် ဆေးဝါးအတွက်လည်း သစ်ပင်တို့ကို မှီခိုကြရပါသည်။ " ဆေးဘက်မဝင်သော သစ်ပင်ဟူ၍ မှိ၊ ယုတ်စွအဆုံး မြက်သည်ပင် ဆေးဘက်ဝင်သည်"ဟု ပြောဆိုကြပါသည်။ တခါက ဒိသာပါမောက္ခဆရာကြီးသည် တပည့်ဇီဝကကို တက္ကသိုလ်၏ တစ်ယူဇနာဝန်းကျင်အတွင်း၌ လှည့်လည်၍ ဆေးဘက်မဝင်သော သစ်ပင်ကိုရှာခိုင်းပါသည်။ ဇီဝကသည် နေရာအနံ့ လှည့်လည် ရှာပါသော်လည်း ဆေးဘက်မဝင်သော သစ်ပင်တစ်ပင်တစ်လေမျှ မတွေ့မမြင်သောကြောင့် ဆေးဘက်မဝင်သော သစ်ပင်ကို မတွေ့ရှိကြောင်း ပြန်လည် ပြောသောအခါ ဆရာကြီးက "ဇီဝက၊ သင်ဟာ ဆေးပညာကို ကောင်းကောင်း သင်ယူပြီးနေပါပြီ၊ သင်ဟာ ဒီအတတ်ပညာဖြင့် အသက်မွေးနိုင်ပြီ"ဟူ၍ ပြောဆိုခဲ့ဖူးပါသည်။ အမှန်စင်စစ် သစ်ပင်တိုင်းမှာ သူ့ဓာတ်သူ့သဘာဝနှင့်သူ ရှိပြီးဖြစ်ပါသည်။ သစ်ပင်တို့၏ ဓာတ်သဘာဝတို့ကို သိရှိနားလည်ပြီး အသုံးဝင်အောင် အသုံးချတတ်ဖို့သာ အရေးကြီးပါသည်။ "ဥတုရာသီ တောကို မှီ"ဟူသည့်အတိုင်း ရာသီဥတု ကောင်းခြင်း၊ မကောင်းခြင်းသည် သစ်ပင်၊ တောတောင်တို့အပေါ်မှာ များစွာ မူတည်နေပါသည်။ စိမ်းလန်းစိုပြေပြီး သစ်ပင်ပေါများသော တောတောင်ရေမြေရှိသောအရပ်၌ ရာသီဥတုကောင်းသည်ကို တွေ့မြင်ကြရပေမည်။ ပဋ္ဌာန်းတရားဒေသနာတော်၌ "ဥတုပိ ဥပနိဿယပစ္စယေန ပစ္စယော"ဟု ဘုရားရှင်ဟောတော်မူသည့်အတိုင်း ရာသီဥတုသည်လည်း လောကကြီးကို အားကြီးသော မှီရာအကြောင်းအထောက်အပံ့ တခုအနေနဲ့ ကျေးဇူးပြုပါသည်။ ရာသီဥတုကောင်းသော နေရာဒေသ၌ အစာရေစာပေါများပြီး၊ စားသောက်ရသော သစ်သီးဝလံတို့သည်လည်း အာဟာရ ပြည့်ဝကြပါသည်။ ထိုအစာအာဟာရကို စားသောက်ကြရသော သူတို့သည်လည်း ခန္ဓာကိုယ်ထွားကြိုင်း သန်မာကြပါသည်။ အသားအရေ၊ ရုပ်အဆင်းအားဖြင့်လည်း ချောမောလှပကြသည်ကိုလည်း တွေ့ရပါသည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လောကီရေးရာ ကောင်းမွန်ရေးတို့၌ ရာသီဥတု၏ ထောက်ပံ့မှုသည် အလွန်အရေးကြီးသလို လောကုတ္တရာရေးရာဖြစ်သော တရားထူရခြင်း စသည်တို့၌လည်း ရာသီဥတု၏ ထောက်ပံ့မှုသည် အလွန်အရေးပါပါသည်။

သစ်ရွက်ကြွေလွင့်သော နွေဦးအချိန်၌ ရွက်ပျက်သစ်​ပင်တို့ကို တွေ့မြင်လျှင် မြင်ရသူတို့၏ စိတ်သန္တာန်၌ သဘာဝပတ်ဝန်းကျင်၏ ရိုက်ခက်မှုကြောင့် စိတ်တွေ ပြန့်လွင့်တတ်ပါသည်။ ပျင်းရိသလိုလို၊ ငြီးငွေ့သလိုလို၊ တစုံတခုကို လွမ်းသလိုလိုဖြစ်လာပြီး စိတ်ဓာတ်အင်အားတွေ လျော့ကျကာ ယုတ်ညံ့သော အကျစိတ်တွေ ဖြစ်ပေါ်လာတတ်ပါသည်။ စိမ်းလန်းစိုပြေသော သစ်ပင်တောတောင်တို့သည် ဆူညံသော အသံတို့မှ ကာကွယ်ပေးနိုင်သည့်အတွက် တိတ်ဆိတ်ငြိမ်သက်မှုကို ဖြစ်စေနိုင်သလို တည်ငြိမ်အေးချမ်းမှုကိုလည်း ဖြစ်စေနိုင်ပါသည်။ ကိုယ်၊ စိတ်တို့၏ ပင်ပန်းနွမ်းနယ်မှုကိုလည်း သက်သာလန်းဆန်းစေနိင်ပါသည်။ သဘာဝဘေးအန္တရာယ်တို့မှလည်း ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ဘုရားစသော သူတော်ကောင်းတို့သည် သစ်ရိပ်ဝါးရိပ်ကောင်းသော တောတောင်ဒေသတို့၌သာလျှင် သီတင်းသုံးကာ တရားဘာဝနာပွားများလေ့ရိှကြပါသည်။ ထို့ပြင် ဘုရားရှင်သည် ရဟန်းသံဃာတော်တို့အား နေစရာကျောင်းမရှိလျှင်လည်း သစ်ပင်ကို ကျောင်းအဖြစ် သီတင်းသုံးနိုင်သည်ဟူ၍လည်း မိန့်တော်မူခဲ့ပါသည်။ သစ်ပင်စိုက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်း အများကြီးအထောက်အကူပြုပါသည်။ သစ်ပင်များရိှခြင်းအားဖြင့် လေထုညစ်ညမ်းမှုနှင့် လေပြင်းတိုက်ခိုက်မှုများ လျော့ပါးသက်သာစေခြင်း၊ မိုး မှန်ကန်စွာရွာခြင်း၊ အရွယ်ရောက်ပြီး သစ်ပင်တစ်ပင်သည် တနှစ်ကို ပျမ်းမျှ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ ၁၅၀ ကုဗကီလိုဂရမ်ကို စုပ်ယူပေးနိုင်ခြင်း၊ ပတ်ဝန်းကျင် အပူချိန် ပျှမ်းမျှ ခြောက်ဒီဂရီဆဲလ်ဆီးယပ်ခန့်အထိကျဆင်းစေခြင်း၊ စိမ်းလမ်းစိုပြေသည့် ပတ်ဝန်းကျင်သည် လူတို့၏ စိတ်ဖိစီးမှုကို လျော့ပါးစေခြင်း၊ လူတို့လိုအပ်သော အောက်စီဂျင်ထုတ်ပေးခြင်းစသည့်အကျိုးများစွာကိုလည်း ရရှိခံစားကြရပါသည်။

ထိုသို့ သစ်ပင်တို့သည် လောကကြီးကို အကျိုးများစွာကို ဖြစ်စေသည့်အတွက်ကြောင့် မိမိတို့ ပတ်ဝန်းကျင်မှာ မိမိတို့စွမ်းနိုင်သည့်အလျှောက် တဦးချင်းဖြစ်စေ၊ အသင်းအဖွဲ့အလိုက်ဖြစ်စေ သစ်ပင်စိုက်ပျိုးကာ သတ္တလောက၊ သြကာသလောက၂ခုလုံးအတွက် အကျိုးပြုသင့်ပါသည်။သစ်ပင်စိုက်ပျိုးသော သူတို့သည် မိမိတို့ စိုက်ပျိုးထားသော သစ်ပင်တို့ရှင်သန်ဖြစ်မြောက်ပြီး ဖူးပွင့် ဝေဆာ လှပနေသည်ကို တွေ့မြင်ရသည့်အခါ ကျေနပ်အားရ ဝမ်းမြောက်ဝမ်းသာ ပီတိဖြစ်ကြရပါသည်။ မိမိတို့ အပင်မှ အသီးအရွက်တို့ကို စားသောက်ရလျှင် တခြားသောအသီးအရွက်တို့ထက် ပို၍ အရသာှိသလိုလို ခံစားကြရပါသည်။ ထိုခံစားမှုမျိုးကို သစ်ပင်စိုက်သူတိုင်း ခံစားဖူးကြပေလိမ့်မည်။ မိမိတို့စိုက်ပျိုးထားသော သစ်ပင်ကို တွေ့မြင်ရသည့် အကြိမ်တိုင်း၊ အကြိမ်တိုင်းလည်း အားရကျေနပ် ဝမ်းမြှောက်ဝမ်းသာ ဖြစ်ကြရပေလိမ့်မည်။ ထို့ကြောင့် "တစ်ရက်ပျော်ချင် အရက်သောက်၊ တစ်နှစ်ပျော်ချင် မိန်းမယူ၊ တစ်သက်ပျော်ချင် သစ်ပင်စိုက်ပါ"ဟု ပြောစမှတ်ပြုကြပါသည်။

သစ်ပင်စိုက်ခြင်းသည် နေ့နေ့ညည ကုသိုလ်တိုးပွားသည့် ကုသိုလ် (၆) မျိုးထဲ၌ တစ်ခုအပါအဝင်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် ဝနရောပသုတ်မှာ (၁) ဥယျာဉ်စိုက်ပျိုးခြင်း၊ (၂) သစ်ပင်စိုက်ပျိုးခြင်း၊ (၃) ရေချမ်းစင်လှူခြင်း၊ (၄) တံတားခင်းခြင်း၊ (၅) ရေကန်လှူခြင်း၊ (၆)ကျောင်းလှူခြင်း။ ဤကုသိုလ် (၆) မျိုးသည် နေ့ရောညပါ တိုးပွားနေသည့် ကုသိုလ်ဖြစ်ပြီး နတ်ပြည်သို့ ရောက်စေနိုင်သော ကုသိုလ်တို့ဖြစ်သည်"ဟု မိန့်တော်မူခဲ့ပါသည်။ မိမိတို့ မုံရွာမှာနေစဥ်အခါက ဆရာသမားက "မင်းတို့၊ ကျောင်းဆောက်ပြီး မလှူနိုင်လျှင် သစ်ပင်စိုက်ကြ၊ ကျောင်းဆောက်လှူတဲ့ အကျိူးလို ခံစားရတယ်"ဟု မိန့်တော်မူပြီး ကျောင်းမှာ သစ်ပင်တွေစိုက်ခိုင်းပြီး ဆက်လက်ရှင်သန်နိုင်အောင် ဂရုတစိုက် ရေလောင်းခိုင်းသည်ကိုလည်း သတိရမိပါသည်။

ဘုရားရှင်လက်ထက်အခါက သာဝတ္ထိပြည်မှာ မထင်ရှားသော အမျိုးသမီးလေး တစ်ယောက်သည် ဘုရားရှင်၏ အထံမှ ကျောင်းအလှူ၏ အကျိုးကြီးမားပုံကို နာကြားရပြီး၍ ကျောင်းလှူ ချင်စိတ်ဖြစ်ပေါ်လာကာ ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ထူးခြားသည်မှာ ထိုအမျိုးသမီးသည် ကျောင်းဝန်းကျင် ပတ်ပတ်လည်မှာ သရက်ပင်တွေ ဝန်းရံစိုက်ပြီး ထိုသစ်ပင်တို့နှင့်တကွ ကျောင်းတော်ကြီးကို လှပအောင် တန်ဆာဆင်ကာ သံဃာတော်တို့အား ရေစက်ချ လှူဒါန်းခဲ့ပါသည်။ ထိုအမျိုးသမီးသည် လူ့ဘဝကို သက်တမ်းစေ့နေရပြီး ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌ အလွန်ပျော်မွေ့ဖွယ်ကောင်းသော သရက်ဥယျာဥ်ထဲ၌  နတ်ဗိမာန်ကြီးနှင့်တကွ နတ်စည်းစိမ်တို့ကို ခံစားရပါသည်။ (ဝိမာနဝတ္ထုအဋ္ဌကထာ)

သစ်ပင်စိုက်ပျိုးသည့်အခါ စိတ်ကောင်းနှလုံးကောင်းဖြင့် စိုက်ပျိုးလျှင် ယခုမျက်မှောက်ဘဝ၌ အကျိုးကျေးဇူးများကို ခံစားရမည့်အပြင် ဘဝသံသရာအထိပင် အကျိုးကျေးဇူးများကို ခံစားရနိုင်ပါသည်။ သစ်ပင်စိုက်သည့်အခါ "ဒီသစ်ပင်ကြောင့် ပတ်ဝန်းကျင်မှ နေထိုင်ကြသူအားလုံး အေးချမ်းသာယာပါစေ"၊ "ဤသစ်ပင်ကို မြင်တွေ့ရသူအားလုံး စိတ်ရွှင်လန်းကြပါစေ"၊ ဤသစ်ပင်ရိပ်မှာ နားရသူမှန်သမျှ အေးမြကြပါစေ"၊ ဤသစ်ပင်မှ အသီးတွေ သတ္တဝါအားလုံး စားသုံးခံစားနိုင်ကြပါစေ"ဟု စသည်ဖြင့် နှလုံးကောင်းသွင်းပြီး စိုက်ပျိုးလျှင် ကုသိုလ်ကောင်းမှုတွေ ဖြစ်နေပေလိမ့်မည်။ သစ်ပင်စိုက်ပြီးတိုင်းလည်း ''ဤသစ်ပင်စိုက်ရသော ကုသိုလ်ကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ''ဟု ဆုတောင်းလျှင် နိဗ္ဗာန်အထိပင် အကျိူးဖြစ်စေနိုင်ပါသည်။ မိမိတို့ စိုက်ထားတဲ့ သစ်ပင်တွေကိုလည်း ပြန်လည်သတိရ၍ ဝမ်းသာပီတိဖြစ်နေလျှင် ကုသိုလ်တွေလည်း တိုးနေပါလိမ့်မည်။ ဤသို့ သစ်ပင်စိုက်ခြင်းသည် လောကီအနေအားဖြင့် ကြည့်ကြည့်၊ လောကုတ္တရာအနေအားဖြင့် ကြည့်ကြည့် မိမိ၏ ပစ္စုပ္ပန်၊ သံသရာ အကျိုးအတွက်သာမက၊ မိမိဝန်းကျင်မှ လူသားတွေနှင့် တိရိစ္ဆာန်တို့၏ကောင်းကျိုးတွေကိုလည်း ဖြစ်စေနိုင်သည့်အတွက်ကြောင့် သစ်ပင်တို့ကို တန်ဖိုးထား၍ စိုက်ပျိုးသင့်ပါသည်။

သစ်ပင်ကို စိုက်ပျိုးရုံနဲ့ မပြီးသေး ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း အလွန်အရေးကြီးပါသည်။ သစ်ပင်တို့သည် ဆက်လက်ရှင်သန်ဖို့ လုံလောက်တဲ့ ရေဓါတ်၊ မြေသြဇာဓါတ် အထောက်အပံ့ မရခြင်းကြောင့်သော်၎င်း၊ သစ်ခုတ်သမားတို့၏ လက်ချက်ကြောင့်သော်၎င်း၊ ကိုက်ဖြတ်စားသောက်တတ်သော ကျွဲနွားစသော တိရိစ္ဆာန်တို့ကြောင့်သော်၎င်း ပျက်ဆီးတတ်ပါသည်။ ထိုအန္တရာယ်တွေမှ ကင်းလွှတ်နိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးပါသည်။ ထိန်းသိမ်းစောင့်ရှောက်မှု မှိလျှင် မည်မျှ သစ်ပင်ထူထပ်သော တောကြီးပင် ဖြစ်စေကာမူ ပျောက်ကွယ်သွားကြရသည်ကို တွေ့မြင်နေကြရပေမည်။ မိမိတို့ မြန်မာနိုင်ငံ၌ သစ်ပင် မပေါက်ရောက်နိုင်သောနေရာဟူ၍ မှိသလောက်ပင်ဖြစ်ပါသည်။ ယခင်က နေရာအနံ့အပြား သစ်ပင်တောတောင်တွေဖြင့်လည်း စိမ်းလန်းစိုပြေခဲ့ပါသည်။သို့သော်လည်း ယခုအခါ အချို့သည် တောင်ကတုန်း၊ ခြောက်သွေ့သော ​လွင်တီးခေါင်အဖြစ်သာ ကျန်ရိှတော့သည်ကို တွေ့မြင်နေကြရပါသည်။ ဝမ်းနည်းဖွယ် ကောင်းလှပါသည်။ ထို၏ အကျိုးဆက်အနေဖြင့် ရာသီဥတု၏ အပူဒါဏ်ကို ယခင်ကထက် များစွာခံစားကြရပါသည်။ လေပြင်းမုန်တိုင်းကျခြင်း၊ မိုးကြိုး မကြာခဏထိခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ စသော သဘာဝဘေးဒါဏ်တို့ကို ယခင်ကထက် ပို၍ ခံစားလာကြရပါသည်။

သဘာဝဘေးအန္တရာယ်တို့ လျှော့နည်းလာစေရန် ဖြစ်ခဲ့ပြီးသော အဖြစ်အပျက်တို့ကို သင်္ခန်းစာယူ၍ "သစ်ပင်စိုက်ဖို့ အကောင်းဆုံးအချိန်သည် လွန်ခဲ့သော အနှစ်၂၀ခန့်ကဖြစ်သည်။ ဒုတိယအကောင်းဆုံးအချိန်သည် ယခုအချိန်ဖြစ်သည်"ဟူသော တရုတ်စကားပုံအတိုင်း ယခုအခါ ပထမအကောင်းဆုံးအချိန် မဟုတ်သော်လည်း မိမိတို့ လက်ဝယ်ပိုင်ဆိုင်ထားသော ဒုတိယအကောင်းဆုံးဖြစ်သည့် ယခုအချိန်မှာ မိမိတို့ တတ်စွမ်းသည့်အလျှောက် လောကကြီးကို သာယာအောင် သစ်ပင်စိုက်ခြင်းဖြင့် အလှဆင်နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

အရှင်သုဘောဂ

6.6.2020